ရှမ်းပြည်နယ်၊ မိုင်းလုံမြို့နယ် မန်ဟုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁၃ ဦးထိရှိလာကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။ အောက်တိုဘာ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာထဲကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းကို ပေါင် ၂၅၀ ဗုံး ၂ လုံးနှင့် လက်နက်ကြီး ၆ လုံး ကျဲချခဲ့ခြင်းကြောင့် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၅ ဦးနှင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၆ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယင်းဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက်(၃၇)နှစ်အရွယ် ဦးအိုက်ဆန်ကြာ၊ အသက်(၃၅)နှစ်အရွယ် ဦးစံပွင့်၊ အသက်(၂၉)နှစ်အရွယ် ဦးစိုင်းအောင်ဆာ၊ အသက်(၂၇)နှစ်အရွယ် ဦးအိုက်ထက်၊ အသက်(၄၅)နှစ်အရွယ် ဒေါ်အုန်းခင်၊ အသက်(၂၅)နှစ်အရွယ် ဒေါ်လှစိန်၊ အသက်(၃၉)နှစ်အရွယ် ဒေါ်အေးမေ၊ အသက်(၂၉)နှစ်အရွယ် ဒေါ်ခင်ပ၊ အသက်(၂၂)နှစ်အရွယ် ဒေါ်အေးတိတ်နှင့် အသက်(၂)နှစ်အရွယ် မောင်အိုက်ဦးတို ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မိုးမိတ်မြို့နယ်ကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မိုးမိတ်မြို့နယ်၊ အောင်မြေရွာအနီးကို အကြမ်းဖက် စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂ လုံးနှင့် လက်နက်ကြီး ၆ လုံးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ယမန်နေ့ကလည်း မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၃ လုံးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကလေး ၂ ဦးအပါအ၀င် ပြည်သူ ၇ ဦး သေဆုံးခဲ့ကာ ၈ ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၁၀ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်နှင့် အကြမ်းဖက် စစ်တပ်က တအာင်းပြည်အတွင်း သာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိကြောင်း TNLA က ပြောဆိုထားသည်။



Hits: 0