မိုးကုတ်မြို့အနီး (၂)မိုင်ခန့်အကွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၃၀ရက် မနေ့ကညက မိုးကုတ်မြို့က ဆင်ခွာ၊ကျောက်ဝါ၊ ချောင်းကြီးဘော်ဗဒါန်းကျေးရွာဘက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒီနေ့မှာလည်း တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

“တိုက်ပွဲက တော်တော်လေးပြင်းထန်တာပါ။ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်။ မြို့မှာကျန်နေခဲ့ရတာမို့လို့ အရမ်းစိတ်ပူတယ်။ တိုက်ပွဲဖြစ်မှာကို သိပေမယ့် လက်တွေ့မှာတော့ ထင်တာထက်ပိုတယ်”လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။ မနေ့ညကဖြစ်တဲ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က သေဆုံးသူ ၂၀ဦးထက်မနည်းရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမြို့မှာရှိနေတဲ့ဒေသခံ အချို့ကလည်း အဲဒီသတင်းမှန်တယ်လို့ ပြောပါတယ်။ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေက ရှေ့ကနေ တက်ရတာ။ သေတာလည်း ပစတွေပဲ။ အဓိကက စစ်ကောင်စီက ပစတွေသုံးပြီးမြို့ပြင်ဘက်အထိ ထွက်လာတာပါ”လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့ကို နိုဝင်ဘာ ၂၉ရက် ည‌နေမှာ စစ်ကောင်စီတပ်က ကားတွေနဲ့ဝင်လာပြီး ပြည်သူ့စစ်သင်တန်းဆင်း တပ်သားသစ်တွေအပါအဝင် အင်အား ၁၀၀၀ခန့် ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တအာင်းတပ်မတော်(TNLA)က မိုးကုတ်မြို့က ဆုတ်ခွာမယ်လို့ အောက်တိုဘာ ၂၉ရက်မှာ သတင်းထုတ်ပြန်ပြီးနောက် ၁လတိတိအကြာမှာ စစ်ကောင်စီတပ် ဝင်လာတာပါ။ အောက်တိုဘာ ၂၉ရက်မှာ သတင်းထုတ်ပြန်ပြီးတဲ့နောက် မိုးကုတ်မြို့ကိုကာကွယ်ဖို့ဆိုပြီး မန္တလေးတိုင်းအတွင်းက PDFတပ်ရင်းတွေအပြင် အညာတပ်ရင်းတွေအပါအဝင် မြို့ပတ်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

နိုဝင်ဘာလလယ်ပိုင်းမှာ TNLA က ၎င်းတို့အနေနဲ့ မြို့ကို စစ်တပ်လက်ထဲအပ်မှာဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေကို သေနတ်မဖောက်ဖို့ ခေါ်ပြောခဲ့ပါတယ်။ ဒါကြောင့် PDFနဲ့ တော်လှန်ရေးတပ်တွေက မြို့အပြင်ဘက်ကို ဆုတ်ခွာခဲ့ပါတယ်။ TNLA နဲ့ စစ်ကောင်စီရဲ့ သဘောတူညီချက်အသေးစိတ်ကို မသိရပေမယ့် မိုးကုတ်မြို့ထဲကနေ မြို့ပြင်ဘက်ကို စစ်ကြောင်းတွေထွက်လာလို့ PDFတွေက တိုက်ခိုက်တာလို့ သိရပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်က မိုးကုတ်မြို့ထဲကနေရာချို့မှာ လက်နက်ကြီးတွေတပ်ဆင်ပြီး တိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်