မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းလုံခြုံရေးယူမယ့် စစ်သားတွေကို PDF အဖွဲ့ တွေက တိုက်ခိုက်ရာ ရန်သူ့အလောင်းနဲ့ လက်နက်တွေရရှိတယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ထုတ်ပြန်ပါတယ်။ ဒီကနေ့ (အောက်တိုဘာ ၁၀ ရက်) မနက် ၇ နာရီကျော်မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား လေးဦးကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေက စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်သားရုပ် အလောင်းသုံးလောင်း၊ ဆိုင်ကယ် လေးစီး၊ BA 63 သေနတ် သုံး လက် နဲ့ ကျည်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။ အဲဒီတိုက်ပွဲကို ချောင်းဦးမြို့နယ် PDF တိုက်ခိုက်ရေးတပ် (CHU PDF) နဲ့ Special Force 11(LPDF) တို့က ပူးပေါင်းလုပ်ဆောင်ပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းတယ်လို့ ဖော်ပြပါတယ်။ “စစ်ကိုင်းဘက်က ထွက်လာမယ့်ယာဥ်တန်းကို လုံခြုံရေးယူတဲ့ကင်း၊ စစ်ကိုင်းကနေ နမခဘက်ပဲ ဖြစ်ဖြစ် နမခကနေ စစ်ကိုင်းပဲ ဖြစ်ဖြစ် အဲဒီလုံခြုံရေးကို စောင့်ကြို တိုက်ခိုက်တာလို့ “လို့ ချောင်းဦး PDF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေချထားပြီး ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မုံရွာမြို့ထဲကနေ မိုင်းဖျက်တဲ့ဂျန်မာကားတွေ ထွက်လာကြောင်းဒေသခံတွေက ဆိုပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းပိုင်းသတင်းနားစွင့်ပြီး အန္တရာယ်ကင်းပြီဆိုမှ သွားလာအသုံးပြုကြဖို့ ဒေသခံတွေက အကြံပြုထားပါတယ်။
စစ်ကောင်စီတပ်ဟာမုံရွာ-မန္တလေးလမ်းပေါ်မှာ မကြာခဏ တိုက်ခိုက်ခံနေရတာကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို ရှေ့ကနေမောင်းခိုင်းတာ၊ မိုင်းရှင်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ် ဘုံတိုရွာ ဆီမီးထွန်းပွဲကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ၂၈ဦး သေဆုံးပြီး ၄၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
Hits: 0