ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်တိုက်ပွဲနှင့် သံတွဲမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး အဆိုပါမြို့နယ် နှစ်ခု တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ အလောင်း ၇၅၀ ကျော်၊ လက်နက်ခဲယမ်းများစွာ သိမ်းပိုက် ရရှိခဲ့ဟု အာရက္ခတပ်တော်(AA)က ထုတ်ပြန် ကြေညာသည်။

အာရက္ခဒေသတစ်ခုလုံးအတွင်း၌ စစ်ကောင်စီ ၏တပ်များအားလုံး အနှေးနှင့်အမြန်ကင်းစင်ရမည်ဟူသော စစ်ရေးရည်မှန်းချက်အတိုင်း စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များအား ထိုးစစ်ဆင်ခဲ့ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့၊ ငပလီ ကမ်းခြေရှိရာ သံတွဲမြို့နှင့် နခခ(၂)၊ နခခ(၅) တည်ရှိရာ မောင်တောမြို့များ၌ တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိကြောင်း အသိပေးသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှစတင်ခဲ့သော အာရက္ခဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ (၇) လခွဲကျော် ကြာမြင့်ခဲ့ပြီး မိုးတွင်းကာလဖြစ်သည့်တိုင် တိုက်ပွဲအရှိန်လျော့ကျ၊ ရပ်တန့်ခြင်းမရှိဘဲ တစ်ရက်ပြီး တစ်ရက်ဆက်လက်မြင့်တက်လျက်ရှိသည်ဟု ဖော်ပြသည်။ စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ တပ်များအစုံသုံးပြီး ခုခံစစ်များဖြင့် အသည်းအသန်ခုခံနေသကဲ့သို့ AA ဘက်ကလည်း လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ တပ်စခန်းတိုင်းအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အသိပေးသည်။

ဇွန်လ ၂၃ရက်တွင် အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်းကြီးဖြစ်သော တောဟိန်းတောင်ဗျူဟာအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းတပ်စခန်းရရှိရေး ၂လကျော်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး AAဘက်ကလည်း ထိုက်သင့်သည့်ကျဆုံးထိခိုက်မှုရှိခဲ့ကြောင်း ၊ရန်သူ့အလောင်း အမြောက်အမြား၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါဗျူဟာကုန်းများမှ ထွက်ပြေးလွတ်မြောက်နေသောသူများအား လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသကဲ့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း)အား ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်မှုများနှင့်အတူ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။ မောင်တောဒေသ တိုက်ပွဲတွင်လည်း အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) တပ်ရင်းများ စုပေါင်း ခုခံတိုက်ခိုက်နေသည့် နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းအားယခု ဇူလိုင် ၆ရက်တွင် သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၃၅၀ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့ ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြသည်။ ဧပြီ ၁၃ရက်က စတင်ထိုးစစ်ဆင်ခဲ့သည့် သံတွဲမြို့နယ် တိုက်ပွဲကိုလည်း ဖော်ပြခဲ့ရာ ဇွန်လနှင့် ဇူလိုင်တွင် တိုက်ပွအရှိန်ပြင်းထန်ခဲ့ပြီး ဇူလိုင် ၅ရက် မနက်တွင် ငပလီ (မဇင်)လေဆိပ်အား ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်ဟု အသိပေးသည်။

သံတွဲဒေသအတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများဖြစ်ကြသော ခမရ (၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) – လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) – နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များပါဝင်ကာ ခုခံခဲ့သည်ဟုဆိုသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်ပြင်ထက်တွင် တပ်စွဲထားသော ရေတပ်စစ်သင်္ဘော (၅)စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်းပြီး အသည်းအသန် ခုခံကာကွယ်နေခဲ့ကြောင်း ဖော်ပြသည်။

သံတွဲတိုက်ပွဲသည် ရက္ခိုင်ဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း အခက်ခဲဆုံးမြို့သိမ်းတိုက်ပွဲဖြစ်ကြောင်း AAက အသိပေးသည်။ သို့သော်လည်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်း ၄၀၀ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းရခဲ့ဟု AAက ထုတ်ပြန်သည်။ သံတွဲအခြေစိုက် ခမရ(၅၆၆) တပ်ရင်းအား ဇွန်လ ၂၇ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော ရန်သူ့တပ်စွဲထားသော စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း အသိပေးသည်။

ခမရ (၅၆၆)အား လက်လွှတ်လိုက်ရသည့် နောက်ပိုင်းတွင် ရန်သူသည် သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်ထဲမှ ခုခံစစ်များကိုဆင်နွှဲခဲ့ကြောင်း၊ သို့သော်လည်း ရန်သူများအားလုံးကို ချေမှုန်းနိုင်ခဲ့ကြောင်း၊ ရန်သူအများစုမှာ တပ်မ (၁၀၁)၏ လက်အောက်ခံ တပ်ရင်းများဖြစ်ကြပြီး အဆိုပါတပ်ရင်းများအားလုံးနီးပါးကို အပြတ်အသတ်ချေမှုန်းနိုင်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။

သံတွဲဒေသတိုက်ပွဲများအတွင်း ရန်သူ့အလောင်း ၄၀၀ကျော်၊ လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းရ မိခဲ့ပြီး သိမ်းဆည်းရမိသည့် ရန်သူ့အလောင်းများအား ကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုလ်ခဲ့ပြီးဖြစ်သည်ဟု ဖော်ပြသည်။ သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီး လက်ရှိတွင် တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သော ခလရ (၅၅)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်နေကြောင်းလည်း အသိပေးသည်။

ထို့ပြင် ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကို လိုက်လံချေမှုန်းလျက်ရှိကြောင်း၊ ခလရ (၅၅) နှင့်အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြားအမည်မသိသေးသော တပ်ရင်းအချို့တို့ စုပေါင်းပြီး ခလရ (၅၅)တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက်လျက်ရှိသကဲ့သို့ ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများမှာ ယနေ့ ညနေပိုင်းအထိ ပြင်းထန်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

အာရက္ခဒေသတိုက်ပွဲများအတွင်း အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ သတ္တိပြောင် မြောက်စွာဖြင့် ပေးအပ်လာသော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော စစ်ဒေသအသီးသီးမှ အာရက္ခစစ်သည် တော်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ ပူးပေါင်းဆောင်ရွက်ကူညီပေးကြသော အာရက္ခပြည်သူများ အားလုံးကို လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုကြောင်းလည်း AAက ထုတ်ပြန်သည်။

အခြားတစ်ဖက်တွင် ရန်သူ၏အရေးပါသော စခန်းကြီးများဖြစ်ကြသော အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ်ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့အား ဖြတ်တောက်ပိတ်ဆို့ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း၊ ရန်သူ့စခန်းတချို့ကိုလည်း တစ်ဝက်တစ်ပျက် သိမ်းဆည်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed