တနင်္သာရီဒေသ၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မောင်းမကန် နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စကစ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၂၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ မောင်းမကန်နယ်မြေရဲစခန်းကို မနက် ၅ နာရီခွဲမှာ စတင်တိုက်ခိုက်ခဲ့ရာ ၉ နာရီခွဲခန့်မှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရတဲ့အပြင် ကျန်အင်အားတွေ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲမှ Uzi အမျိုးအစား သေနတ် ၆ လက်၊ G3 ၇ လက်၊ Shot Gun/Smoke gun ၂ လက်၊ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ ခြောက်လုံးပြူး ၄ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၂၁ လက်၊ jammer စက် ၂ လုံး နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှူအောက်ရှိ နည်းဗျူဟာ ၃၃၊ ဒေါနတပ်ရင်း တပ်ခွဲ ၄ KBDF ၊ ဒေါနတပ်ရင်း တပ်ခွဲ ၇ LPF နဲ့အတူ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ DNLA ဒူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ် တပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Hits: 0
