ထိုင်း-မြန်မာ နယ်စပ်ရှိ တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင်၊ မောတောင်မြို့ကို (၃၅) နှစ်ကျော် ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် KNU /KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၃ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး လက်နက်ကြီးတွေ အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။

မောတောင်မြို့ကို KNU/KNLA ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၀ ရက်နေ့မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းမှ အသည်းအသန်ဗုံးကြဲခဲ့တဲ့ကြားက နိုဝင်ဘာ ၁၄ ရက်မှာ နောက်ဆုံးကျန်ရှိနေတဲ့ မောတောင်ဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မောတောင်မြို့ကိုလည်း အပြီးသတ် သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

မောတောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၄)ရဲ့ ဦးဆောင်မှုဖြင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ ထီးဆဲ့မဲ့ရွားစစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P.D.F)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (B.P.L.A)၊ FFD Drone Forceနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၁ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၄ရက်မြောက်နေ့ ဒီကနေ့ မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်အများ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြပါတယ်။


သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း တွေကတော့ ၁၂၀ မမ ၂လက်နဲ့ ကျည် ၁၈၈လုံး၊ ပွိင့်ဖိုက်စက်သေနတ် ၁လက်နဲ့ ကျည် ၂၀၀၀၊ ၆၀မမ လက်နက်ကြီး ၃လက်နဲ့ ကျည် ၄၂၀လုံး၊ ၈၁မမကျည် ၁၀၈လုံး၊ RPG ၂လက်နဲ့ ကျည်၁၂၄လုံး(ပိုယမ်း၁၂၉)၊ ငါးကြင်းမှီး ၁လက်နဲ့ ကျည် ၁၁၉၁၄တောင့်၊ MA1-၅လက်၊ MA2-၅လက်၊ MA3-၆လက်၊ MA4-၂လက်၊ M16-၁လက်နဲ့ ကျည်များ၊ AK47-၁လက်၊ ကာဘိုင်-၃လက်၊ G3-၄လက်၊ အူဇီ-၁လက်၊ ပစ္စတို-၁လက်နဲ့ ကျည် ၂၀၉တောင့်၊ ကိုးလုံးကျည်-၄လက်နဲ့ ကျည် ၁၂၃တောင့် တို့ဖြစ်ပါတယ်။ စုစုပေါင်း စစ်ကောင်စီတပ်ဆီက လက်နက်ကြီးငယ်မျိုးစုံ ၄၂လက်နဲ့ ကျည်ခဲယမ်း၊ ဗုံးသီးတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းရခဲ့တာပါ။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား ၄၃ ဦးကို KNLA ရဲ့ စစ်သုံ့ပန်း ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားကြောင်း KNU က အသိပေးပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်မှ အနည်းဆုံး အင်အား ၅၀ ကျော်မှာ ထိုင်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိတွင် ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော မြန်မာစစ်သားများထံမှ လက်နက်များ သိမ်းယူပြီး ခိုလှုံခွင့် ပေးထားကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်