အဝေးပစ်ဒုံးကျည်တွေနဲ့ တာဝေးတိုက်ခိုက်ရေးဒရုန်းထုတ်လုပ်ရေးလုပ်ငန်းတွေအတွက် ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းတွေကို ရင်းနှီးမြုပ်နှံရေးရံပုံငွေ အများအပြား ကူညီ ပေးအပ်မယ်လို့ ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပေါ ယွန်ဆင်က ပြောလိုက်ပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့က ဆွီဒင်နိုင်ငံ ကားလ်ဘာ့ဂ် နန်းတော်မှာ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတမ် အူမဲရောဗ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောလိုက်တာပါ။
ယူကရိန်းအနေနဲ့ သူ့ကိုယ်သူကာကွယ်ဖို့ လက်နက်မျိုးစုံရှိဖို့လိုအပ်တဲ့အတွက် ဒိန်းမတ်နိုင်ငံက ရင်းနှီးမြုပ်နှံကူညီပေးနေသလိုမျိုး ဆွီဒင်က ကူညီသွားမယ်လို့ ပေါ ယွန်ဆင်က ဆိုပါတယ်။ ဆွီဒင်က ကူညီပေးတဲ့ လက်နက်တွေအပါအဝင် အသစ်ထုတ်လုပ်မယ့် အဝေးပစ်ဒုံးကျည်တွေ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ပတ်သက်လို့ ဘယ်လို ကန့်သတ်ချက်မျိုးမှ ထားမှာမဟုတ်ပဲ ယူကရိန်းအနေနဲ့ ရုရှားနိုင်ငံထဲကိုလည်း လွတ်လပ်စွာဆုံးဖြတ် ရွေးချယ်တိုက်ခိုက်ခွင့်ရှိတယ်လို့လည်း ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပေါ ယွန်ဆင်က ပြောသွားပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့က “ရုရှားနိုင်ငံထဲကို အဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ခွင့်ပြုတဲ့ နိုင်ငံတွေက စစ်ရေးပစ်မှတ်တွေကို တုန့်ပြန်တိုက်ခိုက်ခွင့်ရှိတယ်လို့” ရုရှား သမ္မတ ပူတင်က နိုင်ငံတော်မိန့်ခွန်းပြောခဲ့ပါတယ်။ သူပြောပြီး နောက်ရက်မှာပဲ ဆွီဒင်အစိုးရက ယူကရိန်းအနေနဲ့ တိုက်ချင်တဲ့စစ်ရေးပစ်မှတ်တွေကို လွတ်လပ်စွာရွေးချယ်တိုက်ခိုက်ခွင့်ရှိကြောင်း ပြောဆိုတာလည်း ဖြစ်ပါတယ်။
Hits: 0