“Web” ဟု အမည်ပေးထားသည့် အထူးစစ်ဆင်ရေးသည် ရုရှားလေတပ်စခန်းကြီးလေးခုဖြစ်သည့် Belaya, Diaghilevo, Olenya နှင့် Ivanovo တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ယူကရိန်းကို ဗုံးကြဲတိုက်ခိုက်ရာတွင် အသုံးပြုသော မဟာဗျူဟာမြောက် လေယာဉ် ဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့သည်။ ယူကရိန်း လုံခြုံရေး ဌာန(SBU) မှ ဆောင်ရွက်ခဲ့သည့် ကြီးမားသော လျှို့ဝှက်စစ်ဆင်ရေးဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့သည့် ရုရှားပိုင်နက် နက်ရှိုင်းသော နေရာများသို့ တစ်ညလုံး ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် ရုရှားစစ်လေယာဉ် အစီး ၄၀ ကျော်ကို တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရုရှား၏ မဟာဗျူဟာမြောက် လေကြောင်းစစ်ဆင်ရေးအတွက် ဒေါ်လာ ၂.၂ ဘီလီယံကျော် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကနဦးပြည်တွင်း ခန့်မှန်းချက်များအရ သိရသည်။ ယူကရိန်းလုံခြုံရေးဌာန၏ သတင်းရင်းမြစ်များက Kyiv Post သို့ ပြောကြားရာတွင် “Web” ဟု အမည်ပေးထားသည့် အထူးစစ်ဆင်ရေးသည် ရုရှားလေတပ်စခန်းကြီးလေးခုဖြစ်သည့် Belaya, Diaghilevo, Olenya နှင့် Ivanovo တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများကြောင့် ယူကရိန်းမြို့များကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်ရာတွင် အသုံးပြုသော အကွာအဝေးရှည် Tu-95 နှင့် Tu-22M3 ဗုံးကြဲလေယာဉ်များအပြင် A-50 လေကြောင်းမှ အစောပိုင်း သတိပေးနှင့် ထိန်းချုပ်ရေးလေယာဉ်တို့အပါအဝင် မဟာဗျူဟာမြောက် လေယာဉ် ဒါဇင်ပေါင်းများစွာ ဖျက်ဆီးခံခဲ့ရသည်။

“ကျွန်တော်တို့ရဲ့ ဒရုန်းတွေဟာ အခု ရန်သူရဲ့ နောက်ဘက်ခြမ်းကို အဝေးကြီး ရောက်နေပြီ။ အဲဒီနေရာတွေကနေ အရပ်သားတွေအပေါ် ဗုံးကြဲဖို့ ထွက်လာတဲ့ လေယာဉ်တွေပါ။ သူတို့ရဲ့ ဥပဒေမဲ့မှု အဆုံးသတ်သွားပြီ။”ဟု SBU သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ Kyiv Post မှ ရရှိသော ဗီဒီယိုဖိုင်များတွင် လေယာဉ်ကွင်းများစွာတွင် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ပွားနေသည်ကို ပြသနေသည်။


Belaya လေတပ်စခန်းမှ ဗီဒီယိုတစ်ခုတွင် ကြီးမားသော မီးလောင်မှုများကို မြင်တွေ့ရပြီး SBU အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Vasyl Maliuk ၏ အသံဟု သတင်းရင်းမြစ်များက ဖော်ထုတ်ပြောဆိုသော အသံတစ်ခုက ရုရှားထိန်းချုပ်နယ်မြေအတွင်း ပေါက်ကွဲမှုများကို ရည်ညွှန်းသည့် ယူကရိန်းဝေါဟာရ “bavovna” ကို ရည်ညွှန်းပြောဆိုနေသည်ကို ကြားသိရသည်။

လုံခြုံရေးဌာနရှိ Kyiv Post ၏ သတင်းရင်းမြစ်များမှ ပေးအပ်သော နောက်ထပ်ဗီဒီယိုတွင် SBU ဒရုန်းများက လေယာဉ်ကွင်းပေါ်တွင် ရပ်ထားသော လေယာဉ်များကို တိုက်ခိုက်သည့် အချိန်ကို ပြသနေသည်။ Kyiv Post ကမူ ယင်းဗီဒီယိုဖိုင်များ၏ စစ်မှန်မှုကို သီးခြားအတည်ပြုခြင်း မရှိသေးပေ။ အဆိုပါ စစ်ဆင်ရေးကို တစ်နှစ်ခွဲကျော်ကြာ ပြင်ဆင်ခဲ့ပြီး သမ္မတ Volodymyr Zelensky က ကိုယ်တိုင်ကြီးကြပ်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ယင်းကို SBU အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Vasyl Maliuk နှင့် ၎င်း၏ အဖွဲ့က အကောင်အထည်ဖော်ခဲ့သည်။ ရုရှားတယ်လီဂရမ်ချန်နယ်များအရ Irkutsk နှင့် Murmansk ဒေသရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့သည့် FPV ဒရုန်းများကို အနီးအနားရှိ အဝေးပြေးလမ်းမကြီးများဘေးတွင် ရပ်ထားသော ထရပ်ကားများမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Irkutsk ဒေသအုပ်ချုပ်ရေးမှူး Igor Kobzev က Telegram မှတစ်ဆင့် Sredny ကျေးရွာရှိ စစ်တပ်ယူနစ်တစ်ခုကို ဒရုန်းများက တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဆိုက်ဘေးရီးယားဒေသတွင် ဒရုန်းတိုက်ခိုက်မှုခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ယခုအချိန်အထိ တရားဝင်မှတ်ချက်ပေးခြင်း မရှိသေးပေ။

Hits: 1

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed