ပဲခူးတိုင်း ရွှေကျင်မြို့နယ်အခြေစိုက် အမှတ် ၅၉၈ ခြေမြန်တပ်ရင်းဌာနချုပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တို့က ယမန်နေ့က သိမ်းပိုက်လိုက်သည်။ ညောင်ခြေထောက်ရွာအနီးရှိ ခမရ ၅၉၈ တပ်ရင်းမှာ ကာလအတန်ကြာ ပိတ်ဆို့ခံထားရပြီးနောက် ယမန်နေ့က အပြီးသတ် သိမ်းပိုက်ခံလိုက်ရခြင်းဖြစ်သည်။

မြေပြင်သတင်းရင်းမြစ်တဦးက “ စခန်းကတော့ မနေ့က သိမ်းရပြီ။ လေကြောင်းနဲ့ဒီလောက်ကြဲတာ တခါမှမကြုံဖူးဘူး၊ ဂျက်ဖိုက်တာရော Y-12 ရော တနေကုန်ကြဲတာ၊ ဒီနေ့လည်း ကြဲချတာရှိသလို အခုလည်း လေယာဉ်ကဝဲနေတုန်းပဲ။ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်” ဟု ပြောသည်။ ခမရ ၅၉၈ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်သည်မိသားစုဝင် အများအပြားကိုလည်း ဖမ်းဆီးရရှိထားပြီး အသေးစိတ်အခြေအနေအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တိုက်ပွဲအတွင်း လေတပ်က အပြင်းအထန်ဗုံးကြဲခဲ့ပြီး ရွှေကျင်နှင့်သိပ်ဇရပ်အခြေစိုက် တပ်ရင်းများမှ လက်နက်ကြီး ပစ် ကူပေးခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ ဒုံးဇရစ်၊ ညောင်ခြေထောက်၊ ကွမ်းဆိပ်၊ သူရဲသမိန် စသည့်ကျေးရွာနေပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့ကလည်း ကွမ်းဆိပ်ရွာရှိ နယ်မြေရဲစခန်းကို KNU ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားသည်။

KNLA ပူးပေါင်းတပ်တို့သည် ခမရ ၅၉၈ တပ်ရင်းကိုသာမက ယနေ့တွင်လည်း ထားဝယ်မြို့နယ်ရှိ ထီးခီးတပ်စခန်းနှင့် တပ်မဟာ ၇ နယ်မြေ ဖားအံခရိုင် ပိုင်ကျုံမြိုနယ်ရှိ တခေါ်ဘိခီး စစ်တပ်စခန်းကိုလည်း သိမ်းလိုက်သေးသည်။ တခေါ်ဘိခီးစခန်းကိုလည်း KNU ပူးပေါင်းတပ်များက သုံးရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ကျသွားခြင်း ဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၃၄၈ ဦးမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ နိုင်ငံဖြတ်ကျော်ဝင်ရောက်ခိုလှုံခဲ့ရပြီး ထိုင်းနိုင်ငံဘက်က လူသားချင်းစာနာမှုအကူအညီများပေးအပ်ထားကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများက ဖော်ပြထားသည်။

စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး KNU ဗဟိုထံသို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးသည့်အပြင် တစုံတရာအတည်ပြုထုတ်ပြန်ခြင်း မရှိသော်လည်း ကရင်အမျိုးသားအစည်းရုံး(KNU) မှ Saw Nimrod က အိမ်နီးချင်းမိတ်ဆွေများ၏ မယိမ်းယိုင်သော ကူညီမှုဖြင့် တချိန်က ဆုံးရှုံးနယ်မြေများ ပြန်ရယူနိုင်ခဲ့ဖြစ်ကြောင်း ကရင်အမျိုးသားအလံကို ဂုဏ်ယူစွာ မြင့်မြင့် လွှင့်ထူကြရန် မိမိတို့ လူမျိုး၏ ခွန်အားနှင့် စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကို ဂုဏ်ပြုကြောင်း သူ၏ လူမှုကွန်ရက် ဖေစ်ဘွခ်တွင် ရေးသားထားသည်။

စခန်းသိမ်းတိုက်ပွဲများအား KNU လက်အောက်ခံ တပ်မဟာများ၏ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် စစ်ကြောင်းများက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။


Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်