စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာက ခရစ္စယာန် ဘုန်းတော်ကြီး သတ်ဖြတ်မှုအပေါ် ဝမ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။ ဖေဖေါ်ဝါရီလ ၁၄ရက် ညနေပိုင်းက ကံကြီးတောရွာ ခရစ္စယာန်ဘုရားကျောင်းမှာ ရှိနေတဲ့ ခရစ္စယာန် ဘုန်းတော်ကြီးအား လက်နက်ကိုင် လူတစ်စုက ဖမ်းဆီး ခုတ်ထစ် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ဒေသကာကွယ်ရေး အဖွဲ့ဝင် ၁၀ ဦးကို နေ့ချင်း ဖမ်းဆီးထားပြီး ခုံရုံးတင် စစ်ဆေးမည် ဖြစ်ကာ ဥပဒေအတိုင်း အရေးယူမယ်လို့ NUG က ဆိုပါတယ်။ “ခုံရုံးတင် စစ်ဆေးပြီး တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ လက်ရှိတွင် စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့စည်းပြီး စစ်ဆေးရေးများ ဆောင်ရွက်နေပြီ ဖြစ်သည်” လို့ NUG က ဖော်ပြပါတယ်။ ခရစ္စယာန် ဘုန်းတော်ကြီးအား ဒေသကာကွယ်ရေး အဖွဲ့ဝင် ဆိုသူတွေက ဘုရားကျောင်းအတွင်း စီးနင်းဝင်ရောက်ကာ ဓားနဲ့ ခုတ်ထစ် သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး လည်ပင်းနဲ့ ရင်ဘတ်မှာ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် (Fr. Donald Martin) သက်တော် ( ၄၄ နှစ် )၊ `ဝါတော် (၇ နှစ် ) သည် ရွှေဘို ခရိုင် ကံကြီးတော ကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်း၌ ဖေဖော်ဝါရီလ ၁၄ ရက် ၊ ၂၀၂၅ ခုနှစ် ၊ သောကြာနေ ညနေ တွင် ပျံလွန်တော်မူခဲ့ပါသည်” လို့ မြန်မာက္ကလစ် သတင်းမီဒီယာ RVA Myanmar ကလည်း ဖော်ပြပါတယ်။ သေဆူံသူ ခရစ္စယာန် ဘုန်းတော်ကြီးရဲ့ ဈာပနကို ယမန်နေ့က မေမြို့မှာ ကျင်းပခဲ့ပါတယ်။
ကံကြီးတောရွာဟာ ရွှေဘိုမြို့ရဲ့ အရှေ့တောင်ဘက်ခြမ်း၊ ရွေဘိုနဲ့ ဝက်လက်နယ်အစပ်မှာ တည်ရှီတဲ့ ကျေးရွာဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀၀ ကျော် နေထိုင်ပါတယ်။ ကံကြီးတောရွာမှာ ခရစ္စယာန် ဘုရားကျောင်းအပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ဆန်းမှာ စစ်အုပ်စုက ကံကြီးတောရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့သလို ယခု ၂၀၂၅ ဖေဖေါ်ဝါရီမှာလည်း စစ်အုပ်စုက ကံကြီးတောရွာကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Hits: 0