ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၅၀ ကျော်ကို ကိုးကန့် MNDAAတပ်ဖွဲ့က သိမ်းပိုက်ရရှိထားကြောင်း MNDAA က တရားဝင်သတင်းထုတ်ပြန်သည်။ ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး Operation၂၁ ရက်မြောက်အဖြစ် ကိုးကန့်တုန်းရှမ်းဒေသ ခုတ်ထန်နေရာရှိ စစ်ကောင်စီတပ် စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယမန် နေ့နံနက် ၅ နာရီ ၃၀ မိနစ် အချိန် ကိုးကန့်(MNDAA)က ခုတ်ထန်နေရာရှိ စစ်ကောင်စီတပ်စခန်းကို စတင်ထိုးစစ် တိုက်ခိုက်ခဲ့ကာ တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ကိုးကန့် (MNDAA) နှင့် မဟာမိတ်တပ်ဖွဲ့တို့က စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး စုစုပေါင်း (၁၅၀)ကျော် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှ ကိုးကန့် (MNDAA) သည် ကိုးကန့်ခရိုင်ဟုန်ရှင်း (မော်ထိုက်)ဒေသ၊ မော်ထိုက်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး ဟုန်အိုင် လွတ်မြောက်ဒေသနှင့် မော်ထိုက်ဒေသ၏ကြားနေရာရှိ စစ်ကောင်စီတပ်စခန်းကိုလည်းရှင်းထုတ်ခဲ့ကာ ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည် ဖွင့်လစ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ကိုးကန့်တုန်းရှမ်းဒေသ လောက်မှုကျူတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၅ ရက်နံနက်ပိုင်းတွင် ကိုးကန့်(MNDAA)သည် ရှင်းဖျင်ကိုင် လျှံဖုန်ရွှေ၊ မော်ထိုက်စိုင်းကျောက်ရှမ်နှင့် တလင်ကဲတောင်ကုန်းရှိ စစ်ကောင်စီစခန်းနှင့် ဗျူဟာကုန်းများကို တစ်ခုချင်းစီ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီ အချိန် မော်ထိုက်တာလျံတောင်ရှိ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာကာ တစ်နာရီအကြာတွင် ၎င်းစခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရမိကြောင်း သိရှိ၇သည်။
လက်ရှိ မော်ထိုက်ဒေသတွင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံး အပြီးရှင်းလင်းနိုင်ခဲ့ပြီး ကိုးကန့်ခရိုင်၏ မြောက်ပိုင်းမြောက်နယ်မြေဧရိယာ ကိုဟုန်ရှင်းဒေသ မော်ထိုက်နှင့် ချုံကန် အထိ ချဲ့ထွင်နိုင်ခဲ့ကြောင်း၊ အလားတူ နိုဝင် ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် MNDAAက လောက်မှုကျူတောင်ကုန်းရှိ စစ်ကောင်စီ တပ်စခန်း ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်လာပြီး ၎င်းစခန်းကို ဝန်းရံပိတ်ဆို့ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မြေပြင်အင်အားဖြင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန် အောင်မြင်စွာ သိမ်းယူခဲ့ကြောင်း သိရှိရသည်။
Hits: 0