အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လော့စ်အန်ဂျလိစ်မြို့မှာ ဆင်ခြေဖုံး ဧရိယာတွေထိ တောမီးတွေ ပျံ့နှံ့ ကူးစက်မှုကြောင့် လူပေါင်း ၃၀၀၀၀ လောက် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကစလို့ တောမီးတွေဟာ ဆင်ခြေဖုံး ဧရိယာတွေမှာရှိတဲ့ တန်ဖိုးကြီး ဇိမ်ခံအိမ်တွေဆီကိုပါ ပျံ့နှံ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ တချို့ ဒေသခံတွေဟာ မီးလောင်ပြီး လမ်းတွေ ပိတ်ကုန်တာကြောင့် ကားတွေကိုပါ ထားခဲ့ပြီး ထွက်ပြေးခဲ့ကြရပါတယ်။

ဒေသတွင်းမှာ လေပြင်း တိုက်ခတ်မှုတွေကလည်း မီးလောင်မှုကို အခြေအနေ ပိုမို ဆိုးရွားစေပြီး မီးသတ် တပ်ဖွဲ့ဝင်တွေက တောမီးကို ငြှိမ်းသတ်နိုင်ရေး အပြင်းအထန် ရုန်းကန်နေကြရပါတယ်။ တောမီးလောင်ကျွမ်းတဲ့ နေရာတဝိုက်မှာ မီးခိုးလုံးတွေကြောင့် လေထုထဲ မြင်ကွင်း မရှင်းလင်းဘဲ ဖြစ်နေပြီး လေယာဉ် ပျံသန်းမှုတွေကို တားမြစ်ထားရပါတယ်။

တောမီးဟာ လော့စ်အန်ဂျလိစ် ဆင်ခြေဖုံးမှာရှိတဲ့ ပါဆန်ဒီနာ မြို့တဝိုက်မှာလည်း ဧက ၄၀၀ ကျော်လောက် အကျယ်အဝန်းကို ဝါးမျို ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်ပါတယ်။ နာမည်ကျော် အနုပညာရှင်တွေ အခြေချမှုကြောင့် လူသိများတဲ့ ကာဆာဘလန်ကာရော၊ ပါဆန်ဒီနာမှာပါ တောမီးရဲ့ အကြီးအကျယ် ခြိမ်းခြောက်မှုကို ခံစားနေရပါတယ်။

ပါဆန်ဒီနာနားမှာ ခြောက်သွေ့တဲ့ စိုက်ခင်းတွေကနေ ဇန်နဝါရီ ၇ ရက်မှာ မီးစလောင်ပြီး လျင်လျင်မြန်မြန် ကြီးထွားလာခဲ့တာလို့ မီးသတ်ဌာနက ပြောပါတယ်။ အခုအခါမှာတော့ လော့စ်အန်ဂျလိစ်မြို့နဲ့ အနီးတဝိုက် ဧရိယာ အားလုံးမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီး တောမီးကို ထိထိရောက်ရောက် တုံ့ပြန် တားဆီးဖို့ ကြိုးစားနေပါတယ်။ လတ်တလောမှာတော့ တောမီးကြောင့် အသေအပျောက် သတင်း မရသေးပေမယ့် မီးသတ်တပ်ဖွဲ့ကတော့ တောမီး မြန်မြန်ဆန်ဆန် ကူးစက် ရောက်ရှိလာနိုင်တဲ့ ဧရိယာတွေမှာ နေထိုင်သူအားလုံး အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ နှိုးဆော်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed