စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခြင်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ နိုဝင်ဘာလ ၈ ရက်နေ့ ညက မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို နိုဝင်ဘာလ ၉ ရက် ဒီနေ့မှာ အတည်ပြုပြောပါတယ်။ အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီး ဦးဝင်းခိုင်ရဲ့ ဈာပနကို နိုဝင်ဘာလ ၉ ရက် ဒီနေ့မနက်မှာ မန္တလေးဆေးရုံကြီးကနေ ကြာနီကန်သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဝင်းခိုင် ကွယ်လွန်ချိန်မှာ မိသားစုက အဝေးမှာရောက်နေတာကြောင့် ဈာပနကို တက်ရောက်နိုင်ခြင်း မရှိဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဝန်ကြီး ဦးဝင်းခိုင်ဟာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့တာကြောင့် ကွယ်လွန်သွားတာဟာ နိုင်ငံအတွက် ဆုံးရှုံးမှုဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“ဆရာ ဦးဝင်းခိုင်ဟာ ကျွန်တော်တို့ ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနဲ့ လက်တွဲပြီးတော့ သူဟာ အကောင်းဆုံး ဖြစ်အောင်ပေါ့နော်။ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာနဲ့ မူဝါဒပိုင်းဆိုင်ရာကို ချိန်ညှိမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဆရာ ဦးဝင်းခိုင် ဆုံးရှုံးမှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အားလုံးရဲ့ ဆုံးရှုံးမှု၊ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုပါပဲဗျ”

ဝန်ကြီး ဦးဝင်းခိုင်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခံရတာဖြစ်ပြီး သူတာဝန်ယူခဲ့တဲ့ လျှပ်စစ်စီမံကိန်းတွေမှာ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံးထိခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထောင် ၂၈ နှစ်အထိ ချခဲ့ပါတယ်။ အဲဒီနောက် မန္တလေး အိုးဘိုထောင်မှာ အကျဉ်းကျခံနေရချိန် ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်ကစပြီး နာမကျန်းဖြစ်လာတာကြောင့် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ သတိလစ်မေ့မျောနေချိန် အောက်တိုဘာ ၂၈ ရက်ညနေပိုင်းမှာ စစ်ကောင်စီက သူ့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မန္တလေးဆေးရုံကြီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း မကွယ်လွန်မီ နာရီအပိုင်းအလိုမှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့် ပေးခဲ့တာပါ။ အာဏာသိမ်း သုံးနှစ်အကျော်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ ခြောက်ထောင်နီးပါး (၅၉၃၈ ဦး) သေဆုံးပြီး လူပေါင်း နှစ်သောင်းကျော် (၂၁၀၉၇ ဦး) ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed