စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု စခန်း ၆ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းငှက်စစ်ဆင်ရေးအဖြစ် ၂လနီးပါး တိုက်ခိုက်သိမ်းပိုက်ရင်း စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်က စတင်ခဲ့တဲ့ “သိမ်းငှက်စစ်ဆင်ရေးအတွင်း” မော်လိုက်မြို့နယ်ထဲက ထော်သာ၊ တောင်းအင်၊ ညောင်ဝန်း၊ နားပင်၊ အော်ဇီးခုံ၊ နောင်ပိန်းရွာ စတဲ့ စစ်အုပ်စုစခန်း ၆ခုကို မော်လိုက်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားကြောင်း သိရပါတယ်။ တော်လှန်ရေးတပ်တွေက သြဂုတ်လ ၁၅ရက်နေ့မှာ ထော်သာရွာစစ်အုပ်စုစခန်းကို စတင်သိမ်းပိုက်ရရှိခဲ့ပြီး ပျူစောထီးခေါင်းဆောင် အဲပန်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ယောက်နဲ့ ပျူစောထီးမိသားစုဝင် ၁၉၀ ကျော်ကို ဖမ်းဆီးရရှိခဲ့ပါတယ်။
ဒါ့အပြင် နောက်နှစ်ရက်ကြာ သြဂုတ်လ ၁၈ ရက်နေ့မှာလည်း အကြမ်းဖက်စစ်ကြောင်းထဲက တပ်မ ၈၈ လက်အောက်ခံ စစ်သား၂ယောက်ကို တော်လှန်ရေးတပ်တွေ ထပ်ပြီး အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ အလားတူပဲ အော်ဇီးခုံရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ချိန်မှာလည်း ပြည်သူ့စစ် ၁ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။ တော်လှန်ရေးတပ်တွေ ထော်သာစခန်းသိမ်းပိုက်ရရှိချိန်နဲ့ နားပင်စခန်းရရှိနေချိန်တွေမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း လုပ်ဆောင်ခဲ့တဲ့ “သိန်းငှက်စစ်ဆင်ရေး”ကို မော်လိုက် တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ခရိုင် တပ်ရင်း ၄ခု (၁၊၂၊၃၊၄) နဲ့အတူ မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)၊ ခရိုင်ကွပ်ကဲရေးရုံးတိုက်ခိုက်ရေးအဖွဲ့ တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အောင်ပွဲတွေနဲ့အတူ ထိခိုက်ပေးဆပ်ရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။
“စစ်ဆင်ရေးထဲ ကိုယ့်ဘက်က ထိုးစစ်တွေလုပ်ခဲ့သလို သူတို့ဘက်ကလည်း တန်ပြန်ထိုးစစ်လုပ်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြန်လန်သွားကြတာချည်းပါပဲ။ ” လို့ မော်လိုက်ခရိုင် တပ်ရင်း ၃ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုတွေဟာ ကင်းတပ်၊ ဆွတ်နန်းနဲ့ တွန်းပင်ကျေးရွာတွေမှာ ခံစစ်ပြင် တပ်စွဲနေတဲ့အတွက် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“၂လကြာ စစ်ဆင်ရေးလို့ ပြောလို့ရပါတယ်။ စခန်းကုန်းတွေသိမ်းတော့ ထွက်ပြေးသွားတဲ့သူတွေက ကင်းတက်ရွာအုပ်စုထဲ ထွက်ပြေးသွားပြီး ခံစစ်ပြင်ကြတဲ့ အနေအထားတော့ရှိပါတယ်။” လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်တွေ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန် တော်လှန်ရေးအင်အားစုတွေရှိရာကို လက်နက်ယူထွက်ပြေးခိုလှုံလာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။



Hits: 0