ယူကရိန်းစစ်တပ်အတွက် စစ်လက်နက်ခဲယမ်းတွေ ဝယ်ယူထုတ်လုပ်ဖို့အတွက် ယူရို ၁.၉ ဘီလျံ ကူညီထောက်ပံ့ဖို့ အီးယူ ဥရောပသမဂ္ဂက မေ ၉ ရက်နေ့က သဘောတူလိုက်ပါတယ်။ အဆိုပါကူညီငွေတွေကို ယူကရိန်းက ပြန်ပေးစရာမလိုပဲ သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကနေ ရရှိလာမယ့်အကျိူးအမြတ်ငွေတွေကနေ နှုတ်ယူသွားမယ် ဆိုပါတယ်။
ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းတွေမှာပဲ စစ်လက်နက်တွေ ထုတ်လုပ်ဖို့ ယူရို သန်းတထောင်သုံးစွဲပြီး ယူရို သန်း ခြောက်ရာကို လက်နက်ကြီးကျည်တွေနဲ့ တခြားခဲယမ်းတွေဝယ်ယူသုံးစွဲဖို့နဲ့ ကျန်ငွေတွေကိုတော့ လေကြောင်းရန်ကာကွယ်ရေးအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ယူကရိန်း ဝန်ကြီးချူပ် ဒန်းနစ်စ် ရှမီဟား က ပြောပါတယ်။
မေလ ၉ ရက် ဥရောပနေ့မှာ ယူကရိန်းစစ်တပ်အတွက် အခုလို ထောက်ပံ့ ကူညီတာဟာ သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်သလို အီးယူခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ကျေးဇူးတင်ကြောင်းလည်း ယူကရိန်း ဝန်ကြီးချူပ်က ပြောဆိုသွားပါတယ်။

Hits: 0