ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစစ်ကောင်စီစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF) ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ Cobra Column 2 Venon စစ်ကြောင်းမှ ယမန်နေ့ ဇွန် ၃ ရက်ညနေပိုင်းက ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်၊ ခဲယမ်း အများအပြားရရှိခဲ့သည်ဟု Cobra Column 2 Venon စစ်ကြောင်းမှ ထုတ်ပြန်ပြသခဲ့သည်။
အင်အား ၁၀၀ ကျော်ရှိသည့် အဆိုပါစခန်းကို ပူးပေါင်းတပ်များက ယမန်နေ့ နံနက်ပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းကုန်းအားလုံးကို ညနေပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ၃ စီး၊ Y-12 ၂ စီး ၊ စုစုပေါင်း ငါးစီးတို့ ဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။ ထိုစခန်းသိမ်းတိုက်ပွဲအတွင်း ၁၂၀ လက်နက်ကြီးများအပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ် ၁၀၀ ကျော်ရရှိပြီး ခဲယမ်းများ လည်း ထောင်ချီရရှိကြောင်း သိရသည်။ တိုက်ပွဲအတွင်း မှားယွင်းဗုံးကြဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး လက်နက်ချအညံ့ခံမှု နှင့် ထိုင်းဘက်ထွက်ပြေးသည့် တပ်ဖွဲ့ဝင် ၇၀ ကျော်ရှိကြောင်း ကရင် စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်းတပ်များက ပြီးခဲ့သော ၂၀၂၂ မေလ ၁၈ ရက်၌ ပထမအကြိမ်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက လက်နက်ကြီးပစ်ကူ ၊ လေကြောင်းပစ်ကူများအပြင် မွန်ပြည်နယ်ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ လက်အောက်ခံတပ်များ ၊ တနင်္သာရီတိုင်း ဘုတ်ပြင်းအခြေစိုက် အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်များနှင့် ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ၆ လအကြာ ပြန်လည်ဆုတ်ခွာပေးလိုက်ရပြီး ယခုထပ်မံ သိမ်းပိုက်ခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ကောင်စီ၏ စခန်းများစွာကို KNU, KNLA နှင့် PDF တပ်ပေါင်းစုတို့က တောက်လျှောက်သိမ်းယူခဲ့ရာ ယခုဆိုလျှင် သိမ်း ယူရန် စစ်ကောင်စီစခန်း လေးခုသာကျန်ရှိတော့ကြောင်း သိရသည်။




Hits: 0