ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စင်း အမြီးပိုင်း ပျက်စီးသည်အထိ ပစ်ခတ်နိုင်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ် ငါးဆယ်ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟားခါး (CDF-Hakha) က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ လေးလအတွင်း စစ်ရေးအခြေအနေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီကာလ အတွင်းမှာ ရဲ ၁၃ ဦးနဲ့ စစ်ကောင်စီတပ်သား လေးဦး၊ စုစုပေါင်း ၁၇ ဦး CDF-Hakha ထံ လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲလေးလအတွင်း စစ်ကောင်စီတပ်သား ၅၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရတယ်လို့လည်း CDF-Hakha က ဖော်ပြပါတယ်။

သေဆုံးထိခိုက်မှုအရေအတွက်အပေါ် စစ်ကောင်စီကလည်း ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။ CDF-Hakha ကတော့ ဟားခါးမြို့နယ်မှာရှိနေတဲ့ စစ်ကောင်စီတပ်အင်အားတွေကို ထန်တလန်မြို့နယ်ဘက်က တိုက်ပွဲတွေကို သွားရောက် စစ်ကူမပေးနိုင်အောင် ရက်ပေါင်း ၈၂ ရက်ကြာ တားဆီးပိတ်ဆို့နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့က ဖြစ်ခဲ့တဲ့ ဟားခါးမြို့အနီးက စခန်းသိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးအပါအဝင် စစ်သုံ့ပန်းလေးဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ ဖလမ်း၊ မင်းတပ်နဲ့ ထန်တလန်မြို့တွေနဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ကလည်း ပြင်းပြင်းထန်ထန် ခုခံနေတယ်လို့ ဒေသခံတွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်