ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟား( Vanha) ကျေးရွာရှိ စာသင်ကျောင်းကို အာဏာသိမ်းမြန်မာစစ်ကော်မရှင်တပ်က ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား မောင်ဂျိုဟန် (Johan) နဲ့ မဇိန်ကျဲရ် (Zin Cer) တို့နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဗန်ဟာ (Vanha) ရွာသူတစ်ဦးက “ညီငယ်၊ ညီမငယ်တို့ရယ် ဘာမှမသိဘဲစာသင်နေတဲ့အချိန်မှာ တိုင်းပြည်ပျက်တဲ့ဒဏ်ကြောင့် မင်းတို့အသက်ပေးခဲ့ရပြီ။ ရင်နာလို့မဆုံးဘူး။ မင်းတို့အနားမှာ ရပ်မိ၊ ရပ်ဖတွေ အကုန် ရှိပေမယ့်မင်းတို့ကို ကျွန်မတို့မကယ်နိုင်ခဲ့ဘူး။ “ လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြ ထားပါတယ်။
ဆက်လက်ပြီး၎င်းက အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်ဂျိုဟန် (Johan) ဟာ ပွဲချင်း ပြီးသေဆုံးသွားခဲ့ပြီး မဇိန်ကျဲရ် (Zin Cer ) ဟာ ဒဏ်ရာအပြင်းအထန်ရကာ မခံနိုင်တော့ဘူး၊ မျက်စိဖွင့်တာတောင် ဘာမှမမြင်နိုင်တော့ဘူး၊ ကျွန်မသေတော့မယ်ထင်တယ်လို့ ပြောရင်း၊ ညီးရင်း အသက်ဆုံးသွားခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။
ဗန်ဟာရွာဟာ ဟားခါးမြို့ကနေ မိုင် ၂၀ ကျော်သာဝေးတဲ့ရွာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များလည်း တပ်စွဲခြင်း မရှိတဲ့ ရွာဖြစ်တယ်လို့သိရပါတယ်။ ယခုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗန်ဟာရွာစာသင်ကျောင်းပျက်စီးသွားသလို လူနေအိမ်များလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီ ၀န်းကျင်မှာ မင်းတပ်မြို့နယ်အတွင်းက ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာရှိ စာသင်ကျောင်းတွေကို စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကျောင်းသား ၃ ဦးနဲ့ မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။



Hits: 0
