ဟားခါးမြို့အနီးရှိ Ruavazung စစ်ကောင်စီစခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA)ပါဝင်သည့် ချင်းပြည်ကောင်စီပူးပေါင်းတပ်များက ယနေ့ (နိုဝင်ဘာ ၃၀ရက်) နံနက် ၉နာရီခွဲတွင် တိုက်ခိုက်သိမ်းပိုက်ရာ တိုက်ပွဲအတွင်း ဗိုလ်မှူးအဆင့်ရှိသူ တပ်ရင်းမှူး ပါဝင် ၁၁ ဦး သေဆုံးပြီး စစ်ကောင်စီတပ်သား ၁၉ဦးကို အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည် ။

” ဟားခါးမြို့နဲ့သိပ်မဝေးတဲ့နေရာက စခန်းပါ။ ဒီမနက်အစောပိုင်းမှာဘဲ ဝင်ပြီးတိုက်ခိုက်ခဲ့ကြတာ။ တရားဝင်သတင်းမထုတ်ပြန်သေးပေမယ့် ကျနော်တို့သိသလောက်တော့ တပ်ရင်းမှူး သေတယ်။ ၁၉ယောက်ကိုတော့ လက်နက်တွေနဲ့ဖမ်းမိထားတယ်။ အဲဒီနေရာဝန်းကျင်ကို လေကြောင်းရောလက်နက်ကြီးနဲ့ စကစဘက်က ပစ်နေတယ်”ဟု ဟားခါးမြို့မှ စစ်ရေးသတင်းရေးမြစ်တစ်ဦးကပြောသည်။ အခြားချင်းသတင်းရင်းမြစ်တစ်ဦးကလည်း “ စကစ အလောင်း ၁၁လောင်းရှိပါတယ်။ သေဆုံးတဲ့ သူတွေထဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ရဲမှူးအပါအဝင် ၁၁လောင်းရှိပါတယ်။ တိုက်ပွဲမှာ အဲဒီ စစ်ကောင်စီဘက်မှာ စစ်သုံ့ပမ်း ၁၉ဦးနဲ့ လက်နက် ၃၀ ကျော်သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။”ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ဟု ဆိုသည်။ အဆိုပါဒေသ၌ တိုက်ပွဲဆက်ရှိနေသေးသည်ဟုလည်း သိရကြောင်းချင်းသတင်းရင်းမြစ်က ပြောသည်။ တိုက်ပွဲသတင်းကို CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ညနေအထိ တရားဝင်သတင်းမထုတ်ပြန်သေးပေ။ CNAနှင့်ပူးပေါင်းတပ်ဖွဲ့များသည် ထန်တလန်နှင့်ဟားခါးမြို့ကြားရှိ စစ်ကောင်စီတပ်စွဲထားသည့် ပွိုင့် – ၃ တောင်ကုန်းကိုလည်း နိုတင်ဘာ ဒုတိယလပတ်တွင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၆ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့သေးသည်။ ထို့အပြင် ဟားခါးမြို့တွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ဟားခါး (CDF-Hakha)ကလည်း Rung Operation အမည်ဖြင့် တိုက်ပွဲများဖော်ဆောင်နေကြောင်း အသိပေးထားသည်။

အောက်တိုဘာ ၂၈ရက်ကလည်း ဟားခါးမြို့အနီးရှိ ကိမ်တန် (Kiamtlang) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦး အပါအ၀င် စစ်သုံ့ပန်း ၄ ဦးကို ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (CDF) ဟားခါးက ပြောထားသည်။ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ (Chin Brotherhood Alliance) ကလည်း လတ်တလောတွင် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကိုလည်း တိုက်ခိုက်နေသည်ဟုသတင်းရရှိသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်