သမ္မတဒေါ်နယ်ထရမ့်၏ ပြင်းထန်သည့် လူဝင်မှုကြီးကြပ်ရေး ဆောင်ရွက်ချက်များကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ အမေရိကန်နိုင်ငံတစ်ဝန်း၌ ပျံ့နှံ့လာနေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ လော့စ်အင်ဂျလိစ်တွင် ဆန္ဒပြသူများကို အကြီးအကျယ် နှိမ်နင်းခဲ့သလို ထရမ့်ကိုယ်တိုင်ကလည်း ဆန္ဒပြပွဲများအား အင်အားသုံးနှိမ်နင်းမည်ဟု ပြောကြားထားသည့်ကြားမှ ယခုကဲ့သို့ နိုင်ငံတစ်ဝန်း ပျံ့နှံ့လာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သော သီတင်းပတ် သောကြာနေ့ မှစတင်ခဲ့သည့် လော့စ်အင်ဂျလိစ် ဆန္ဒပြပွဲများမှာမူ ယမန်နေ့က ညမထွက်ရအမိန့်နှင့်အတူ လူပေါင်း ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီးနောက် ယနေ့တွင် မြို့လယ်ဧရိယာတဝိုက်၌ တည်ငြိမ်လျက်ရှိသည်ဟု သတင်းတွင် ဖော်ပြထားသည်။ နယူးယောက်နှင့် ချီကာဂိုမြို့တို့တွင်မူ အင်္ဂါနေ့ညပိုင်းက လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။ ဗုဒ္ဓဟူးနေ့တွင်လည်း နယူးယောက်အပြင် ဆီယက်တဲလ်နှင့် လက်စ်ဗေးဂတ်စ်မြို့တို့တွင်ပါ ဆန္ဒပြပွဲများ ကျင်းပခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်၌ ဖော်ပြထားသည်။

အစောပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများသည် နိုင်ငံတွင်း ရှိနေသည့် တရားမဝင် ရွှေ့ပြောင်းများကို အတင်းအကျပ် ဖမ်းဆီးမှုများ ရှိလာချိန်၌ ရုတ်ခြည်း အရှိန်မြင့်သွားခြင်း ဖြစ်သည်။ ဆန္ဒပြသူများသည် ကားများကို မီးရှို့ခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ ရှိလာခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း မျက်ရည်ယိုဗုံးများအပြင် အခြားသော အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များဖြင့် အကြီးအကျယ် တုံ့ပြန်နှိမ်နင်းမှုများ ပြုလုပ်လျက်ရှိသည်။

လော့စ်အင်ဂျလိစ်တွင် ယနေ့ ၌ လက်နက်အပြည့်အစုံဖြင့် ရဲဝန်ထမ်းများသည် အစိုးရအဆောက်အအုံများအနီးတွင် ကင်းလှည့်နေသလို စတိုးဆိုင်များသည်လည်း လုယက်မှုများကို ကာကွယ်ရန်အတွက် ပြတင်းများနှင့် တံခါးများကို အကာအရံများ ပြုလုပ်ထားကြသည်ဟု သတင်းကဖော်ပြသည်။ သမ္မတထရမ့်သည် နိုင်ငံတော်အစောင့်တပ်ဖွဲ့ဝင် ၄၀၀၀ ကျော်ကို မြို့တွင်းနေရာချထားပြီး မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ကိုလည်း ထပ်မံစေလွှတ်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed