ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အာရက္ခတပ်တော် AA ထံသို့ လက်နက်ချ အလင်းဝင်လာသူ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် တပ်သား ၃၀၀ နီးပါးရှိကြောင်း ခိုင်မာသော သတင်းရင်းမြစ်ထံမှ သိရသည်။ မဲတောင်ဗျူဟာကုန်း သိမ်းပိုက်ခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က စ၍ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ လက်နက်ချအလင်းဝင်ကြသည့် စစ်ကောင်စီတပ်သား အရေအတွက်ဖြစ်သည်ဟု ပြောသည်။
“မဲတောင်တိုက်ပွဲနောက်ပိုင်း စစ်ကောင်စီတပ်သား လက်နက်ချအလင်းဝင် အရေအတွက်ဟာ ၃၀၀ နီးပါးရှိပါတယ်။ တပ်ရင်းမှူးအဆင့်ပါမယ်။ ဗိုလ်မှူးတွေပါမယ်၊ ရာထူးကတော့ အစုံပါပဲ။ မိသားစုဝင်တွေလည်း ပါမယ်။ တိုက်ပွဲဖြစ်နေချိန်မှာ လက်နက်ချတာရှိသလို လက်နက်ချပြီး အလင်းဝင်ဖို့ ကမ်းလှမ်းလာတဲ့သူတွေလည်းပါတယ်” ဟု ပြောသည်။
စစ်ရေးသတင်းလုံခြုံရေးအရ အလင်းဝင်လာသူများ၏ တပ်ရင်းတပ်ဖွဲ့အမည်များနှင့် သုံ့ပန်းထိန်းသိမ်းရေး စည်းကမ်း အရ အသက်အရွယ် အမည်နာမည်များကိုလည်း စစ်ရေးသတင်းရင်းမြစ်က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ အမ်းမြို့သိမ်းတိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားများထဲတွင် ရခိုင်ပြည်အတွင်းက ခေါ်ယူပြီး ၄၅ ရက်သင်တန်းပေးထားသော မွတ်ဆလင်များလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“အမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား မွတ်ဆလင်တွေ အသေအပျောက်များနေပါတယ်။ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ ဒုက္ခသည်စခန်းတွေ၊ ရွာတွေက ခေါ်ယူထားတဲ့သူတွေဖြစ်ပါတယ်။ အခု စစ်ကောင်စီဖက်က ကျဆုံးတပ်သားတွေထဲမှာ မွတ်ဆလင်တွေ များပါတယ်။” ဟု ပြောသည်။ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်ဖက်က ၄၅ ရက်သင်တန်းဆင်း မွတ်ဆလင် တပ်သား ၁၀၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်း ရရှိခဲ့ကြာင်း အဆိုပါ AA ၏ စစ်ရေးဆိုင်ရာ သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။
အမ်းမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (Western Region Military Headquarters) အပါအဝင် တပ်ရင်း ၁၇ ခုရှိပြီး အာရက္ခတပ်တော် AA က တပ်ရင်း ၁၅ ခုနီးပါးကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ (Western Region Military Headquarters) ခြံဝန်းထဲ၌ အင်အားလုံးအရင်းများဖြင့် ခံစစ်ပြင်ဆင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။
Hits: 0