ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ကို အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက်ထိန်ချုပ်လိုက်ပြီး မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ် မြို့မရဲစခန်းထဲမှာ ဖမ်းဆီးခံထားရတဲ့ အချုပ်သား နှစ်ရာခန့်ကိုတော့ AA က ဝင်ရောက်မတိုက်ခိုက်ခင်ကတည်းက စစ်ကောင်စီတပ်က သူတို့ရဲ့ တပ်ရင်းတပ်ဖွဲ့အခြေစိုက်ရာ နေရာတွေကို ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။

တောင်ကုတ်မြို့ကို နိုဝင်ဘာ ၄ ရက်နေ့ကစလို့ AA က ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မြို့ပေါ် အပါအဝင် မြို့အနီးဝန်းကျင်မှာရှိနေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်ထားပြီလို့ တောင်ကုတ် ဒေသခံတစ်ဦးက ပြောပါတယ်။ “အခု တောင်ကုတ်မြို့နဲ့ အနီးဝန်းကျင်ကိုတော့ AA က သိမ်းပိုက်လိုက်ပြီ။ မြို့ပေါ်က စစ်သားတွေကတော့ တပ်မထဲကို ဆုပ်ခွာသွားကြတယ်။ ဒေသခံတွေကိုတော့ AA က ကယ်ထုတ်ထားတယ်။ မြို့ပေါ် ရဲစခန်းမှာရှိတဲ့ အချုပ်သား နှစ်ရာကျော်ကိုတော့ စစ်တပ်ထဲကို ပြောင်းထားတယ်။ သူတို့ကတော့ ဘယ်လိုအခြေအနေရှိနေလဲ မသိသေးဘူး”

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ- ၅ ) အခြေစိုက်တာပါ။ ဒီအပြင် ခမရ (၅၄၄)၊ ခမရ (၃၄၆)၊ အမှတ်(၉၂၆) ထောက်ပို့တပ်ခွဲနဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတွေလည်း ရှိပါတယ်။ အဲဒီတပ်ရင်းတွေကိုလည်း အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေ အလွန်အကျွံသုံးပြီး ပစ်ခတ်တာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ နေအိမ်တချို့ မီးလောင်ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်မြို့ဟာ တရုတ်စီမံကိန်းတွေတည်ရှိရာ ကျောက်ဖြူမြို့နဲ့ မိုင် ခြောက်ဆယ်ခန့်အကွာမှာ တည်ရှိပြီး ရခိုင်ပြည်နယ်တောင်ဘက်ပိုင်းမှာ တစ်ခုတည်းသော စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ရှိတဲ့မြို့လည်း ဖြစ်ပါတယ်။ တောင်ကုတ်မြို့နယ်နဲ့တစ်ဆက်တည်းဖြစ်တဲ့ သံတွဲမြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်နဲ့ ဧရာဝတီတိုင်းနဲ့ ဆက်စပ်နေတဲ့ ဂွမြို့နယ်တွေမှာပါ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် သုံးခုရှိပြီး အဲဒီအထဲက ဘူးသီးတောင်ခြေစိုက် စကခ (၁၅) နဲ့ ကျောက်တော်အခြေစိုက် စကခ (၉) တို့ကိုတော့ AA က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အထဲက ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed