အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သော မလေးရှားနိုင်ငံက ၎င်းတို့၏ စတင်တာဝန်ယူသည့် ယခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ဖေဖော်ဝါရီ ၆ ရက်နေ့တွင် နေပြည်တော်သို့ စေလွှတ်မည် ဖြစ်ရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သိရ သည်။
မလေးရှား၏ အထူးကိုယ်စားလှယ် Othman Hashim သည် ဖေဖော်ဝါရီ ၆ ရက် မှ ၈ ရက်အထိ ၃ ရက် ကြာ ခရီးစဉ်အတွင်း စစ်တပ်နှင့်သာမက အခြား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံသွားမည် ဟုလည်း သိရှိရ သည်။ မကြာသေးခင်က မြန်မာစစ်ခေါင်းဆောင်များသည် တော်လှန်ရေးအဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်လိုကြောင်း ပြောဆိုထားသည်။
မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အတွင်းရေးမှူးချုပ်ဟောင်း တစ်ဦးဖြစ်သူ Hashim ကို ပြီးခဲ့ သည့် ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ၎င်းကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး စစ်ပွဲများ ပိုပြင်းထန်လာသော မြန်မာတွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ခုကို အကောင်အထည်ဖော်ရေး ကူညီဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည်။
မလေးရှားက ၎င်း၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ဦးစားပေး ဖြစ်ပြီး ထိုလုပ်ငန်းစဉ်သည် အနည်းငယ်မျှသာ တိုးတက်မှုရှိခဲ့ကြောင်း ၊ အကြမ်းဖက်မှုများ ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီပေးရေးကိစ္စများကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာတိမ်းရှောင်သူအရေအတွက် တိုးလာသလို ထိုဒေသများရှိ ဒေသခံများထံ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ “၁၀၂၇” စစ်ဆင်ရေး အပြီး တော်လှန်ရေးအဖွဲ့များ၏ နယ်မြေထိန်းချုပ်နိုင်မှုသည် မြို့နယ် ၁၀၀ ကျော်အထိ ရှိလာသည်။ သို့သော်လည်း မြန်မာစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်များ အပါအဝင် အတိုက်အခံများ၊ တော်လှန်ရေးအဖွဲ့များကို ဆက်လက်ရင်ဆိုင်တိုက်ခိုက်နေပြီး အာဏာကို ဆက်လက်ထိန်းချုပ်ထား သည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များ ခန့်အပ်ကာ မြန်မာနိုင်ငံအရေး ဖြေရှင်းရန် ကြိုးပမ်းသော်လည်း စစ်ခေါင်းဆောင်က ၂၀၂၁ ဧပြီလ က အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ဘုံသဘောတူညီချက် ၅ ရပ် ကို လိုက်နာမှုမရှိခဲ့ပေ။
ထိုသဘောတူညီချက် ၅ ရပ်မှာ အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်၊ ပါဝင်သောသက်ဆိုင်သူများ အားလုံး တွေ့ဆုံဆွေးနွေးရန်၊ အဆိုပါဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် အာဆီယံအထူးကိုယ်စားလှယ် က ကြားဝင်ညှိနှိုင်းပေးရေး၊ လူသာချင်းစာနာမှုအကူအညီများ ပေးအပ်ရေး၊ သက်ဆိုင်ရာအဖွဲ့များကို အာဆီယံအထူးကိုယ်စားလှယ်က လာရောက်တွေ့ဆုံရေးတို့ ဖြစ်ကြသည်။
၂၀၂၁ တွင် အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး(၂)ဖြစ်သူ H.E. Dato Erywan Pehin Yusof အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်၍ လာရောက်ရန်ကြိုးပမ်းခဲ့သေးသည်။ ၂၀၂၃ အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူစဉ် မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Ngurah Swajaya ကို ခန့်အပ်ခဲ့ပြီး ယင်းနှစ် ဇူလိုင်အတွင်း အတိုက်ခံအင်အားစုတချို့နှင့် ၎င်းက ဆွေးနွေးမှုများ ရှိခဲ့သည်။
၂၀၂၂ အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn ကို မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီး စစ်ခေါင်းဆောင်နှင့် ယင်းနှစ် မတ် ၂၁ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ ယမန်နှစ် ၂၀၂၄ ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် လာအိုနိုင်ငံ တာဝန်ယူစဉ်က ခန့်အပ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း Alounkeo Kittikhoun သည်လည်း ဇန်နဝါရီ ပထမပတ်၌ မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သေး သည်။
ထိုခရီးစဉ်အတွင်း စစ်ခေါင်းဆောင် အပါအဝင် နိုင်ငံရေးပါတီတချို့၊ အပစ်ရပ်လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ လက်ရှိတွင် အာဏာသိမ်းမှု ၄ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးလိုသည်ဟု ဆိုသော် လည်း လက်တွေ့တွင် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ကိုးကန့်တပ် (MNDAA) နှင့်သာ ဆွေးနွေးနိုင်သေး သည်။
Hits: 0