ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက တောင်သုံးလုံးစခန်းနဲ့ ဆင်ဆွယ်တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးတပ်သိမ်းပိုက်လိုက်တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂စစ်ဒေသခွဲက ဒီဇင်ဘာ ၁၂ရက်ဒီနေ့နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ရက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဆင်ဆွယ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၁ရက် မနေ့က မနက်၅နာရီမှာ အာဏာသိမ်းစစ်တပ်ရဲ့ တောင်သုံးလုံးစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းပိုက်ခဲ့တာလို့သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ တပ်စခန်းတွေဟာ စစ်ရေးဗျူဟာအရ အရေးပါတဲ့ တပ်စခန်းများဖြစ်ပြီး ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားတဲ့ တပ်စခန်းတွေလည်းဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲတွေက နေ ၁၂၀ မမနဲ့ ၈၁ မမ လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်းအများအပြားကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီစခန်းသိမ်းတိုက်ခိုက်မှုတွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နဲ့ FFD (ဒရုန်းတပ်ဖွဲ့)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။



Hits: 0