ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ပြောင်ချောင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၂)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဇန်နဝါရီ ၂၈ရက်နေ့ ညနေပိုင်းမှာ ပြည်မြို့နယ် ပေါက်ခေါင်းမြို့မှ နယ်မြေရှင်းလင်းရန်ထွက်လာတဲ့ အင်အား ၁၅၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို အုတ်တွင်းမြို့နယ် အုတ်တွင်း-ပေါက်ခေါင်းလမ်း ပြောင်းချောင်းကျေးရွာအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။
အဲဒီ စစ်ကြောင်းဟာ အုတ်တွင်း -ပေါက်ခေါင်းလမ်းပိုင်းကို နယ်မြေရှင်းဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ရက်က စပြီး စစ်ကြောင်းထိုး ဝင်လာတာကို သတင်းရလို့ PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး တပ်ပျက် ထွက်ပြေးသွားလို့ တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၄ဦး ကျဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။
စစ်ကောင်စီတပ်ထံက လက်နက် ၇လက်နဲ့ ကျည်တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းရခဲ့ကြောင်းလည်း မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဖော်ပြပါတယ်။ သိမ်းရခဲ့တာတွေကတော့ MA-2 ၁လက်၊ MA-1 ၂လက်၊ MA-3 ၂လက်၊ RPG-7 ၁လက်၊ 60မမ ကွန်မန်ဒို – ၁လက်နဲ့ ကျည်တွေ ခဲယမ်းတွေ မိုင်းတွေ၊ အခြား စစ်သုံးပစ္စည်းတွေ သိမ်းရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ဆင်ရေးကို ဗျူဟာ(၂၁)ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ-၄၊ ဗျူဟာ-၂၂ ကွပ်ကဲမှုအောက်ရှိ ဗျူဟာ ရုံးတိုက်ခိုက်ရေးအဖွဲ့၊ ပဲခူးခရိုင်တပ်ရင်း ၃၇၀၁ တပ်ခွဲ -၂ နဲ့ တပ်ရင်းရုံးအဖွဲ့၊၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ရင်း တပ်ခွဲ ၂၊ ၆၊ တပ်ရင်းရုံးတပ်ဖွဲ့၊ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း တပ်ခွဲ(၁)၊ တပ်ခွဲ ၅ BTZM ၊သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ တပ်ရင်း၊ သာယာဝတီခရိုင်ပကဖ တပ်ဖွဲ့ ၁၊ တပ်ခွဲ -၃၊ သာယာဝတီခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ ပြည်ခရိုင်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၊ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-၇တပ်ခွဲ -၁ တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ဒေသတွင်း စစ်ရေး အခြေအနေတွေကို မေးမြန်းဖို့ ဗျူဟာ(၂၂)တာဝန်ရှိသူဆီကို ဆက်သွယ်ထားဆဲဖြစ်ပါတယ်။ ဗျူဟာ (၂၂) အပါအဝင် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်တာအပါအဝင် စစ်ကောင်စီကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက် လျက်ရှိပါတယ်။


Hits: 0
