ဦးထန်ရှင်းခိုင် ခေါင်းဆောင်တဲ့ ဇိုမီးအမျိုးသားပါတီ (Zomi National Party) က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုဇူလိုင်လ ၃ ရက်နေ့မှာ လျှောက်ထားခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိခဲ့ရ ပါတယ်။ ဇွန်လ ၂၄ ရက်နေ့မှာ ပါတီ တည်ထောင်ခွင့် ရရှိထားတဲ့ ဇိုမီးအမျိုးသား ပါတီ (ZNP) က ပါတီ တည်ထောင်ခွင့်ပြုတဲ့ နေ့ကစလို့ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့ အညီ မှတ်ပုံတင်ပေးဖို့ လျှောက်ထားတာ လို့ ဖော်ပြထား ပါတယ်။
ဇိုမီးအမျိုးသားပါတီဟာ ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ၂၀၂၅၊ ဧပြီလ ၃၀ ရက်နေ့မှာ လျှောက်ထားခဲ့ပါတယ်။ ဇိုမီးအမျိုးသားပါတီ ကို ဦးဆောင်တဲ့ ဦးထန်ရှင်းခိုင်ဟာ ဇိုမီးချင်းအသိုင်းအဝိုင်း အတွင်း လူသိများတဲ့ အဆိုတော်၊ သရုပ်ဆောင် တစ်ဦး ဖြစ်တယ် လို့လည်း သိရှိရပါတယ်။ ယနေ့ အချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် လျှောက်လာသည့် အဖွဲ့ ၂၇ ဖွဲ့ ရှိပြီး နိုင်ငံရေးပါတီ ၁၉ ပါတီကို တည်ထောင်ခွင့် ပြုလိုက်ပြီ လို့လည်း ဖော်ပြထားပါတယ်။ လက်ရှိမှာ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထား တဲ့ နိုင်ငံရေးပါတီ ၁၈ ပါတီအနက် ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီ များကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး အတွက်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ် နဲ့ နောက်နှစ်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်၊ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကိုယ်စားပြုပြီး မှတ်ပုံတင်ရရှိပြီး ဖြစ်တဲ့ ခူမီးအမျိုးသားပါတီ နှင့် ပါတီမှတ်ပုံတင် လျှောက်ထားကြတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ တို့က ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

Hits: 0