နော်ဝေရဲ့ နာမည်ကြီး စစ်လက်နက် ကုမ္ပဏီ Kongsberg Defense & Aerospace (KDA) က ယူကရိန်းနိုင်ငံထဲမှာ NASAMS ဒုံးခွင်းဒုံး ဒုံးကျည်တွေ တီထွင်ထုတ်လုပ်ဖို့ ကိယက်ဗ် မြို့တော်မှာ ဇွန် ၂၂ ရက်က သဘောတူစာချုပ် လက်မှတ်ရေးထိုးကြောင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့က သတင်းထုတ်ပြန်ပါတယ်။
နော်ဝေ ကာကွယ်ရေးဝန်ကြီး တိုးရ် ဆန်းဗစ် နဲ့ နော်ဝေ ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ကိယက်ဗ် မြို့တော်ကို ရောက်လာပြီး ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရူစတမ် အူမဲရော့ဗ်၊ ယူကရိန်း ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပါတယ်။
ဆွေးနွေးပွဲ အပြီးမှာ နော်ဝေ Kongsberg Defense & Aerospace (KDA) ကုမ္ပဏီ နဲ့ ယူကရိန်း ကာကွယ်ရေး စက်မှု ကုမ္ပဏီတို့ကြား NASAMS ဒုံးကျည်တွေ တီထွင် ထုတ်လုပ်ဖို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးတာလို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
ယူကရိန်းမှာ ထုတ်လုပ်မယ့် NASAMS ဒုံးကျည်တွေဟာ လက်ရှိ အသုံးပြုနေတဲ့ ဒုံးကျည်တွေထက် ကုန်ကျစရိတ် သက်သာပြီး ပိုမို အဆင့်မြင့်တဲ့ နည်းပညာတွေ ပါဝင်မယ်လို့ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။


Hits: 0