၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း စစ်ကောင်စီ၏ အခြေခံပညာ စာသင်ကျောင်းများကို ယနေ့ ဇွန် ၂ ရက်နေ့မှစတင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းတက်ရောက်သူ ကျောင်းသားပေါင်း ၅,၈၂၂,၉၅၄ ဦး (၅.၈ သန်းကျော်) ရှိပြီး၊ ရန်ကုန်တိုင်းအတွင်းမှ ကျောင်းတက်သူ ၁,၀၃၅,၁၀၅ ဦး (၁ သန်းကျော်) ပါဝင်ကြောင်း စစ်ကောင်စီ၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိတွင် အခြေခံပညာရေးကျောင်းများတွင် သင်ရိုးညွှန်းတမ်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်အပါ အဝင် KG နှင့် မူလတန်းကျောင်းသားများကို ကျောင်းဝတ်စုံ ထောက်ပံ့ပေးကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။ ထို့ပြင် အခြေခံပညာကျောင်းများတွင် ကျောင်းလခမပေးရသော်လည်း ကျောင်းသုံးပစ္စည်း ဈေးနှုန်းကြီးသဖြင့် ကျောင်းသားမိဘများ အခက်အခဲရှိကြောင်း၊ အစိုးရသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားသော ပုဂ္ဂလိကကျောင်းများတွင် ဖတ်စာအုပ်မှစတင်ကာ ကျောင်းသုံးပစ္စည်းအားလုံး ဝယ်ယူရသဖြင့်ကုန်ကျစရိတ် ပိုများကြောင်း သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။
ယင်းအပြင် မြို့နယ်တစ်မြို့နယ်မှ အခြားမြို့နယ်ရှိ ကျောင်းသို့ ကျောင်းပြောင်းတက်ရန်အတွက် လိုအပ်သောစာရွက် စာတမ်းများ တောင်းခံရာတွင် ငွေပေးရခြင်းမျိုး ရှိပြီး၊ ရန်ကုန်မြို့ရှိ နာမည်ကြီး ကျောင်းများတွင် ကျောင်းတက်နိုင်ရန်အတွက် သိန်းနှင့်ချီ၍ ပေးရကြောင်း လသာမြို့နယ်တွင် နေထိုင်သူ ကျောင်းသားမိဘတစ်ဦးထံမှ သိရသည်။
ထို့ပြင် စစ်ကောင်စီထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ဟားခါး၊ တီးတိန် နှင့် ခိုင်ကမ်းမြို့တွင် အခြေခံပညာစာသင်ကျောင်းများကို ယနေ့ ဇွန် ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး တက်ရောက် သည့် ကျောင်းသား/သူများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။ ယခုနှစ် ဟားခါးမြို့တွင် အထက်တန်းကျောင်းများဖြစ်သည့် အထက (၁)၊ (၂)၊ (၃)၊ (၄) နှင့်ကိုယ်ပိုင်အထက်တန်းကျောင်း များကို ယခင်နှစ်ထက် တက်ရောက်သည့် ကျောင်းသူ/သား ပိုမိုများပြားလာခြင်းဖြစ်သည်။
“ဟားခါးမြို့ပေါ်က ကျောင်းအားလုံးနီးပါး ပြန်ဖွင့်ပြီး ကျောင်းတက်တဲ့သူလည်း ပိုများတယ်။ ရွာတွေဘက်က ကလေးတွေနဲ့ ဟားခါးမှာ စစ်ဘေးရှောင်လာတဲ့ ကလေးတွေနဲ့ဆိုတော့ ဒီနှစ် ကျောင်းတက်တဲ့ဦးရေ အရင်နှစ်တွေထက် ပိုများလာတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ ဟားခါးမြို့ပေါ်ရှိ အခြေခံစာသင်ကျောင်းများကို ဖွင့်လှစ်နိုင်သော်လည်း နယ်ကျောင်းများကိုမူ ဖွင့်လှစ်နိုင်ခြင်းမရှိသည့်အတွက် နယ်ကျေးရွာဘက်မှ ကျောင်းသူ/သားများသည် မြို့ပေါ်တွင် ကျောင်းတက်ရောက်နေကြောင်း သိရသည်။
ထို့အပြင် တီးတိန်မြို့နယ်ရှိ အထက (၁) တီးတိန် နှင့် အထက (ခိုင်ကမ်း) ကျောင်းတို့ကိုလည်း ယနေ့တွင် စတင်ဖွင့်လှစ်ပြီး တက်ရောက်ကြသူ ကျောင်းသား/ သူ များပြား ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူ ဆောင်ရွက်ပေးထားကြောင်း သိရသည်။ “တီးတိန်မှာတော့ တစ်ကျောင်းတည်းပဲ ဖွင့်နိုင်သေးတယ်။ အထက (၂) ကျောင်းလည်း ထပ်ဖွင့်လောက်တယ်။ အခုအထက (၁) ကျောင်း လာတက်တဲ့သူတွေ ပိုများနေတယ်။ ကျောင်းသားတွေက ဒီထက်ပိုများလာနိုင်တယ်။ ကလေးမြို့ အစပ် ခိုင်ကမ်းမြို့က စာသင်ကျောင်းလည်း ဒီမနက်မှာ ဖွင့်ထားပြီး ကလေးတွေ ကျောင်းတက်နေကြပြီ” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။
ထန်တလန်မြို့သည် စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့ဖြစ်သော်လည်း ပြည်သူများ နေထိုင်ခြင်းမရှိသည့်အတွက် စစ်တပ်အာဏာသိမ်းပြီးကတည်းက အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။ အလားတူ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တွန်းဇံ၊ ဖလမ်း၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ စသည့်မြို့နယ်များတွင်လည်း ယခုနှစ်အတွက် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိပေ။




Hits: 0