တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ သည့်ကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးအရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်သည်။ မြန်မာ – အိန္ဒိယနှစ်နိုင်ငံနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီး ယာယီစခန်းပြောင်းရွှေ့ လာသည့် NUG လက်အောက်ခံ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော် ၁၀ဦးမှာ မေ ၁၄ ရက်နေ့က ပျောက်ဆုံးသွားပြီးနောက် မေ ၁၆ ရက်နေ့တွင် အာသံရိုင်ဖယ်တပ်က ရုပ်အလောင်းများ ပြန်လွှဲပြောင်းပေးခဲ့သည်။

အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြား ခရိုင်ပကဖတပ်ဖွဲ့ဝင်များဖြစ်ပြီး ခန္ဓာကိုယ်တွင် ဓါးဒဏ်ရာဒဏ်ချက်များ အပါအဝင် နှိပ်စက်ညှင်းပမ်းထားသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း တမူးခရိုင် ပအဖအဖွဲ့ထံက သိရသည်။ မြန်မာဘက်နှင့် နယ်မြေထိစပ်နေသော အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချန်ဒယ်လ်ခရိုင်၊ နယူးဆမ်တယ် ကျေးရွာအနီး လက်နက်ကိုင်အဖွဲ့များ၏လှုပ်ရှားမှုများရှိကြောင်း ထောက်လှမ်းရေးသတင်းပေးချက်များ အရ မေ ၁၄ ရက်နေ့တွင် စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ရာ ထိုလက်နက်ကိုင်များက ဦးစွာပစ်ခတ်လာသည့် အတွက် အာသံရိုင်ဖယ်တပ်က တုံ့ပြန်ပစ်ခတ်ခဲ့ရာ ၁၀ ဦးသေဆုံးခဲ့သည်ဟု အိန္ဒိယအရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က မေ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုအပေါ် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်၍ ကျဆုံးခြင်း မဟုတ်ဘဲ၊ ယာယီစခန်းပြောင်းရွှေ့မှုအား အာသံရိုင်ဖယ်တပ်ကို ကြိုတင်အကြောင်းကြား ထားသည့်ကြားမှ ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ယမန်နေ့ညက ပြန်လည်တုံ့ပြန်သည့် အနေဖြင့် ထုတ်ပြန်သည်။

နှစ်နိုင်ငံနယ်စပ်ဖြစ်သည့်အတွက် မြန်မာဘက်မှ ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အာသံရိုင်ဖယ်တပ်တို့ ယခင်ကတည်းက ထိတွေ့ပြောဆိုမှုများရှိကြောင်း သိရသည်။ အခြေအနေသိရှိသည့် တမူးဒေသ တော်လှန်ရေးအင်အားစုများကလည်း ထိုနေရာသို့ တမူးခရိုင်ပကဖ အဖွဲ့ ပြောင်းလာသည်မှာ ရက်ပိုင်းမျှသာ ရှိသေးပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့အနီး အခြေစိုက်သည့် ခရိုင်ပကဖတပ်ဖွဲ့မှာ လုံခြုံရေးအခြေအနေကြောင့် အိန္ဒိယ – မြန်မာ နယ်စပ်၊ ကမ္မကြီးရွာဝန်းကျင် နယ်ခြားမိုင်တိုင်အမှတ် (၅၉) အနီးသို့ မေ ၁၂ ရက်နေ့တွင် ယာယီစခန်း ပြောင်းရွှေ့ခဲ့ပြီးနောက် ထိုသို့ သတ်ဖြတ်ခံရခြင်းဖြစ်သည်။ စခန်းပြောင်းလာပြီး နောက်ရက် (မေ ၁၃ ရက်)တွင် အာသံရိုင်ဖယ်တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့ ထိုစခန်းကို လာရောက်ကြည့်ရှုခဲ့ကြောင်း တမူးအခြေစိုက်တော်လှန်ရေးအင်အားစုများက ပြောကြသည်။

နောက်တစ်နေ့ (မေ ၁၄) နေ့လယ်ပိုင်းတွင် ထိုစခန်းသို့လာသည့် ဒေသအခြေစိုက်တော်လှန်ရေးသမား များက စခန်းရှိ တမူးခရိုင်ပကဖတပ်ဖွဲ့ဝင်များ အားလုံးပျောက်ဆုံးနေသည့်အတွက် အိန္ဒိယဘက်သို့ သွားရောက်မေးမြန်းရာ အိန္ဒိယဘက်မှ တာဝန်ရှိသူများက ၎င်းတို့နှင့် တိုက်ပွဲ ဖြစ်သဖြင့် ၁၀ ဦးစလုံး သေဆုံးသွားပြီဟု တုံ့ပြန်ခဲ့ကြောင်း တမူးခရိုင် ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့ကြောင့် ရုပ်အလောင်းများ ပြန်ပေးရန် တောင်းယူခဲ့ရာ တချို့အချက်များကို ဖိအားပေးလက်မှတ်ထိုး ပေးပြီးမှ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရဘက်က ဆိုသည်။ သဘောတူလက်မှတ်ထိုးပေးရမှုတွင် “ အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ကာ စတင် တိုက်ခိုက်ခဲ့သဖြင့် နှိမ်နင်းခံရခြင်းဖြစ်ကြောင်း၊ နယ်စပ် ခြံစည်းရိုးခတ်မှုအား မကန့်ကွက်ရန် သဘောတူကြောင်း” စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် နစ်နာသူမိသားစုများအား နစ်နာကြေးပေးရန်နှင့် နယ်ခြားစည်းညှိနှိုင်းမှု မပြီး ပြတ်သေးသည့် ကာလတွင် တဖက်သတ်ခြံစည်းရိုးခတ်ခြင်းကို ယာယီရပ်ဆိုင်းထားရန် NUG က တောင်း ဆိုထားသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အိန္ဒိယအစိုးရနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပြီး အိန္ဒိယဘက်က အကြောင်း မပြန်ကြားသေးကြောင်း ထိုအခြေအနေကို သိရှိထားသူ တစ်ဦးကလည်း ပြောသည်။

“နှစ်ဖက် စကားပြောပြီးပြန်တွေ့ကြဦးမယ်ဆိုတာလောက်ပါပဲ။ တိုက်ပွဲဖြစ်တာပဲ သူတို့က ပြောနေတာ ။ နှစ်ဖက်ဆက်ဆံရေးမထိခိုက်စေရဘူးလို သူတို့ ပြောတယ်” အိန္ဒိယအရှေ့မြောက်ပိုင်းရှိ မဏိပူရ်၊ မီဇိုရမ် အပါအဝင် ပြည်နယ် ၄ ခုနှင့် မြန်မာနိုင်ငံမှာ ၁၆၄၃ ကီလို မီတာ ထိစပ်နေပြီး တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုနှင့် မူးယစ်ဆေးဝါးကိစ္စများ ထိန်းချုပ်နိုင်ရေး နယ်စပ်တလျှောက်ခြံစည်းရိုးခတ်ရန် အိန္ဒိယအစိုးရက ယမန်နှစ်ကတည်းက စီစဉ်နေသည်။

တမူးမြို့မြောက်ဘက် မိုင်တိုင်အမှတ် ၈၁ နှင့် ၈၂ ၊ တမူးမြို့ အနောက်ဘက် မိုင်တိုင် အမှတ် ၇၄၊ ၇၅၊ ၇၆ တို့တွင် နယ်မြေ အငြင်းပွားမှုများရှိနေသည့်အတွက် ခြံစည်းရိုးခတ်မည့်အိန္ဒိယ၏အစီအစဉ်ကို တမူး အခြေစိုက် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ များက ကန့်ကွက်တားမြစ်ထားသည်။

အာဏာသိမ်း စစ်တပ်နှင့်ဆက်ဆံရေးကောင်းမွန်သည့် အိန္ဒိယသည် ပြီးခဲသည့် နှစ်များက ချင်းပြည်နယ် တွင် တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ဆယ်နှင့်ချီသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် များကို လက်ခံထိန်းသိမ်းထားပြီးနောက် မြန်မာစစ်တပ်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

မဏိပူရ်ပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် တမူးမြို့နယ်သည် တော်လှန်ရေး အင်အားစုများ အားကောင်းသည့်ဒေသဖြစ်ပြီး တမူးမြို့နယ်အတွင်း ခမ်းပတ်နှင့် မြို့သစ်မြို့တို့ကို NUG က သိမ်းပိုက် ထားပြီး စစ်ကောင်စီတပ်က တမူးမြို့ပေါ်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာတချို့တွင် ခြေကုပ်ယူထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed