ပါကစ္စတန်အုပ်ချုပ်သော ကက်ရှမီးယားဒေသရှိ အကြမ်းဖက်အခြေခံအဆောက်အအုံဟု သတ်မှတ်သည့် နေရာများကို အိန္ဒိယက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်သော အိမ်နီးချင်းနိုင်ငံများအကြား တင်းမာမှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။

ဗြိတိန်၊ ရုရှား၊ တရုတ်၊ အီးယူနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ယခုတိုက်ခိုက်မှု များအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး တင်းမာမှုလျှော့ချရန် တောင်းဆိုထားသည်။ ဥရောပသမဂ္ဂကလည်း နှစ်ဖက်စလုံးအနေဖြင့် ကက်ရှမီးရ်အရေးကို ငြိမ်းချမ်းနည်းဖြင့် ညှိနှိုင်းအဖြေရှာရန် တိုက်တွန်းသည်။ ဩစတြေးလျအစိုးရက နှစ်နိုင်ငံစလုံးနှင့် သံတမန်ရေးနည်းလမ်းဖြင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောထားသည်။

အိန္ဒိယအုပ်ချုပ်သော ကက်ရှမီးရ်ဒေသတွင် ဟိန္ဒူခရီးသွား ၂၅ ဦးအပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့သော ဧပြီ ၂၂ ရက် တိုက်ခိုက်မှုသည်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယက Operation Sindoor စစ်ဆင်ရေး ဖြင့် ပါကစ္စတန်ပိုင်နက်အတွင်းရှိ အစ္စလာမ္မစ် စစ်သွေးကြွစခန်းများကို တိုက်ခိုက်ခဲ့သည်။ ပါကစ္စတန်က ယင်းတိုက်ခိုက်မှုများကို စစ်ကြေညာခြင်းဟု သတ်မှတ်ကာ လက်တုံ့ပြန်မည်ဟု ကြိမ်းဝါးခဲ့ပြီးနောက် အိန္ဒိယလေယာဉ် ၅စင်းကို ပစ်ချခဲ့သည်ဟု ကြေညာခဲ့သည်။

ထိုတိုက်ခိုက်မှုများအတွင်း ၄၃ ဦး ထက်မနည်းသေဆုံးရာတွင် အရပ်သား ၃၁ ဦး ပါဝင်ကြောင်း ပါကစ္စတန်က ထုတ်ပြန်ထားသလို စစ်သွေးကြွစခန်းများမရှိကြောင်းနှင့် အိန္ဒိယ၏ လုပ်ရပ်များသည် ၎င်းတို့၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးချုပ် ရှဟဘတ် ရှရစ်ဖ်နှင့် ကာကွယ်ရေးဝန်ကြီး ခွါဂျာ အာဆစ်ဖ်တို့က ပါကစ္စတန်အနေဖြင့် အရပ်သားများကို မတိုက်ခိုက်ဘဲ အိန္ဒိယစစ်ရေးပစ်မှတ်များကို လက်တုံ့ပြန်မည်ဟု ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြားဝင်ညှိနှိုင်းပေးရန် ကမ်းလှမ်းရာတွင် “သူတို့ ဘာသာ ရပ်တန့်တာကို မြင်ချင်ပါတယ်။ ကျွန်တော်တို့ကူညီနိုင်ရင် ကူညီမယ်” ဟု ပြောသည်။

အိန္ဒိယအစိုးရက နိုင်ငံခြားသံတမန်များကို အသိပေးရာတွင် ကာကွယ်ရေးဝန်ကြီး ရာဂျ်နာ့သ် ဆင်းဂ်က စစ်ဆင်ရေးကို တိကျစွာဆောင်ရွက်ခဲ့ပြီး အရပ်သားများရှိသောနေရာများကို ရှောင်ရှားခဲ့သည်ဟု ဆိုသည်။ လေယာဉ်များ ပစ်ချခံရခြင်းနှင့်ပတ်သက်သော သတင်းများမှာ အငြင်းပွားဖွယ်ရာဖြစ်နေပြီး အိန္ဒိယက ပါကစ္စတန်၏ ပြောဆိုချက်များကို အတည်မပြုသေးပေ။ ယခုတိုက်ခိုက်မှုများသည် လွန်ခဲ့သော နှစ် ၂၀ကျော်အတွင်း နှစ်နိုင်ငံအကြား အဆိုးရွားဆုံးတင်းမာမှု ဖြစ်လာသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်