အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာ့အရေး အထူးကိုယ်စားလှယ် ထရေဆာ လိုဇာရို (Ms. Theresa Lazaro) က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုလိုက်ပြီး ရှေ့ဆက်၍လည်း အစုအဖွဲ့ပေါင်းစုံနှင့် ဆွေးနွေးမှုများကို တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့တွင် Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၊ တာဂေတေ (Tagaytay) မြို့၌ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်သော အစုအဖွဲ့ပေါင်းစုံ တက်ရောက်ခဲ့ကြသည်။ ယင်းဆွေးနွေးပွဲသို့ NUG ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း လိုဇာရိုက အတည်ပြုခဲ့သလို၊ CNF ကလည်း ၎င်းတို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သီးခြားအတည်ပြုထားသည်။ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်က အာဆီယံဥက္ကဋ္ဌသစ်အနေဖြင့် တာဝန်ယူပြီး တစ်လအတွင်း သက်ဆိုင်သူများနှင့် တွေ့ဆုံခြင်းသည် ကောင်းမွန်သော အစပျိုးမှုဖြစ်ပြီး အပေါင်းလက္ခဏာဆောင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဖိလစ်ပိုင်အစိုးရ၏ ချဉ်းကပ်မှုပုံစံမှာ ပဋိပက္ခလျှော့ချရေး၊ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေးနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းပွင့်စေရေးတို့ကို ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စစ်ကောင်စီက အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပနေသော ရွေးကောက်ပွဲနှင့် ပတ်သက်၍ အထူးကိုယ်စားလှယ် လိုဇာရိုက ၎င်းအနေဖြင့် အဆိုပါရွေးကောက်ပွဲကို ထောက်ခံမည်မဟုတ်သော်လည်း ရလဒ်များနှင့် နိုင်ငံရေးအပြောင်းအလဲများကို ဆက်လက်စောင့်ကြည့်သွားမည်ဟု ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲတွင် မဲလာပေးသူ နည်းပါးသော်လည်း အောင်မြင်ကြောင်း စစ်ကောင်စီက ကြေညာထားပြီး၊ USDP ပါတီက အနိုင်ရနေကြောင်း ဖော်ပြနေသော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာကမူ အတုအယောင် ရွေးကောက်ပွဲအဖြစ်သာ သတ်မှတ်ထားသည်။ ပုံမှန်အလှည့်ကျအရ မြန်မာနိုင်ငံ ရရှိရမည့် ဥက္ကဋ္ဌနေရာကို နိုင်ငံရေးအကျပ်အတည်းများကြောင့် ကျော်ကျော်ပြီး ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်