August 27, 2023 || Tongsan Media Group ||
Wagner ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ယီဗ်ဂျနီ ပရစ်ဂေါ့ဇင် သေဆုံးသွားပြီလို့ ရုရှား အစိုးရက ပထမဆုံးအကြိမ် အတည်ပြု ကြေညာခဲ့ပါတယ်။ ဩဂုတ် ၂၃ ရက်တုန်းက မော်စကို အနောက်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ စင်းလုံးငှားလေယာဉ် ပျက်ကျမှုမှာ လိုက်ပါသွားသူ ၁၀ ဦးစလုံး သေဆုံးခဲ့တယ်လို့ ရုရှား အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ လေယာဉ်ပေါ် ပါသွားသူတွေ စာရင်းမှာ ပရစ်ဂေါ့ဇင်ရဲ့ နာမည်လည်း ပါဝင်ခဲ့ပေမယ့် အမှန်တကယ် အဲဒီ လေယာဉ်ပေါ်ကို သူလိုက်သွားခဲ့သလား ဆိုတာက ထင်ကြေး အမျိုးမျိုးနဲ့ မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။
ရုရှား အစိုးရကလည်း DNA စစ်ဆေးမှုတွေ မပြီးမချင်း ပရစ်ဂေါ့ဇင် အပါအဝင် သေဆုံးသူတွေ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုဖို့ ငြင်းဆိုထားခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ် ပျက်ကျမှုအပြီး ၃ ရက်ကျော် အကြာမှာတော့ ပရစ်ဂေါ့ဇင် တကယ်ပဲ သေဆုံးသွားပြီလို့ ရုရှားရဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီ (SK)က တရားဝင် ကြေညာခဲ့ပါတယ်။ ပျက်ကျရာ နေရာက ရုပ်အလောင်း ၁၀ ခုစလုံးကို ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ခဲ့ကြောင်း၊ လေယာဉ်ပေါ် ပါသွားသူတွေ စာရင်းနဲ့ အားလုံး ကိုက်ညီကြောင်း SKက ထုတ်ပြန်ပါတယ်။
ပရစ်ဂေါ့ဇင်ဟာ ဇွန်လ ၂၃ ရက်က ရုရှားမှာ ပုန်ကန်မှု တစ်ခုကို ဦးဆောင်ခဲ့ပြီး သူ့ရဲ့ Wagner တပ်တွေနဲ့အတူ မော်စကို မြို့တော်ဆီ ဦးတည် ချီတက်ခဲ့ရာက ကမ္ဘာသိ အာရုံစိုက်ခံရသူ တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သက်တမ်း တစ်ရက်သာ ခံခဲ့တဲ့ ပုန်ကန်မှုအပြီး နှစ်လတိတိ အကြာမှာ ပရစ်ဂေါ့ဇင် ရုတ်တရက် မတော်တဆ သေဆုံးသွားတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ပရစ်ဂေါ့ဇင်ဟာ လုပ်ကြံခံရတာ ဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ အထူးသဖြင့် သူတို့ကို ပုန်ကန်ခဲ့တဲ့ ပရစ်ဂေါ့ဇင်ကို ရုရှားအစိုးရက အပျောက်ရှင်းလိုက်တာဆိုတဲ့ အယူအဆတွေ အရမ်း အားကောင်းကောင်းနဲ့ ပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ကတော့ ပရစ်ဂေါ့ဇင် သေဆုံးမှုဟာ သူတို့နဲ့ ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
Source: People’s Spring
Hits: 0