ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာသို့ စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၇ရက်)၊ မွန်းလွဲ ၂နာရီ ၃၅ မိနစ်အချိန်တွင် ဂျက်လေယာဉ် အသုံးပြုပြီး နှစ်ကြိမ်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် TNEC ကျောင်းဆရာမ ၃ ဦး အပါ အဝင် ၅ဦးသေဆုံးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

“ကျောင်းကို ဦးတည်တိုက်တာ၊ ကျောင်းဆရာမ သုံးယောက်သေတယ်။ ပြီးတော့ ဝပ်ရှော့ဆိုင်က တစ်ယောက်၊ နောက် တစ်ယောက်ကတော့ ဘယ်ကလဲ မသိဘူး။ စုစုပေါင်း ၅ယောက်ပါ၊ ကျန်တဲ့ဟာကိုတော့ အသေးစိတ်မသိရသေးဘူး ”ဟု မြို့သစ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် သေဆုံးသူများအပြင် မြို့သစ်ကျေးရွာရှိ TNEC ကျောင်းအပါအဝင် နေအိမ် ၇လုံးပျက်စီးခဲ့ပြီး ၊ ပြည်သူ ၆ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။ “စစ်တပ်က ဗုံးလဲကြဲတယ်။ စက်သေနတ်နဲလဲပစ်တယ်။ တိုက်ပွဲဖြစ်တာတွေလဲမရှိဘူး။ စစ်တပ်က ပြည်သူတွေကို တမင်လုပ်တာ ”ဟု နမ့်ဆန်ဒေသခံ တစ်ဦးကပြောသည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၉ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့သစ်ရွာသို့ စစ်ကောင်စီက ဗုံးကြဲတိုက် ခိုက်ခဲ့သော ကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ဦးသေဆုံးခဲ့သေးသည်။ အလားတူ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၂၉ရက်တွင်လည်း စစ်ကောင်စီက နမ္မတူမြို့နယ်၊ မန်လီကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ သော ကြောင့် TNEC ကျောင်းဆရာမ လွေးမေဖြိုးအိသေဆုံးခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed