July 24, 2023 || Tongsan Media Group ||

ချင်းပြည်နယ်၊ ဟားခါး တက္ကသိုလ်တွင် ဆရာ၊ ဆရာမများ မရှိသောကြောင့် ကထိကများကို တွဲဖက် ပါမောက္ခရာထူးတိုးပေးမည်ဟုဆိုကာ မက်လုံးပေး ခေါ်ယူနေကြောင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။ ဟားခါး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် ဆရာ ၊ ဆရာမ မရှိသည့်အတွက် ကထိက (Lecturer) များကို ၂ နှစ် တာဝန်ထမ်းဆောင်ရုံဖြင့် တွဲဖက်ပါမောက္ခ (Assistant Professor) ဖြစ်မည်ဟု ဆိုကာ မက်လုံးပေး၍ ခေါ်ယူနေကြောင်း ဇူလိုင် ၂၁ ရက်နေ့တွင် ထွက်ရှိလာသည့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ကြေးနန်းစာတွင် ပါရှိကြောင်း သိရသည်။

တွဲဖက်ပါမောက္ခဖြစ်ရန် ပါရဂူတန်း တက်စရာမလိုဘဲ တွဲဖက်ပါမောက္ခ ရာထူးရမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ဇူလိုင် ၂၁ ရက်နေ့တွင် ပို့သည့် ကြေးနန်းစာတွင် ပါရှိသည်။ ထို့ပြင် ၂၀၁၇ ခုနှစ်မှ စ၍ ချင်းပြည်နယ် (နာဂ) ရှိ ဆေးရုံများတွင် စစ်တပ်၏ ဆေးတက္ကသိုလ်မှ ဆရာဝန်များကို ၂ နှစ် တာဝန်ထမ်းဆောင်ခိုင်းပြီး ပြန်လာလျှင် လိုချင်သည့် ဆေးပညာမဟာသိပ္ပံ(ပါရဂူ) သင်တန်းကို တက်ရောက်စေခြင်းနှင့် နေလိုသည့် တပ်ဆေးရုံ၊ တပ်ရင်းသို့ နေခွင့်ပေးမည်ဟူ၍ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိလည်း ၂ နှစ်တစ်ခါ ခေါ်ယူလျက်ရှိကြောင်း သိရှိရသည်။

သို့သော် ၂၀၂၃ ခုနှစ် ဧပြီလတွင် ချင်းပြည်နယ်တွင် ခေါ်ယူသည့် အင်အားမှာ ၂၀၂၁ ခုနှစ်တွင် ခေါ်ယူသည့် အင်အားထက် လျော့နည်းလျက်ရှိကာ ၁၉ ဦးခန့်သာ ရှိကြောင်း ၊ ၂၀၂၂ ခုနှစ် ၁၀ လပိုင်းတွင် ချင်းပြည်နယ် ထန်တလန်၌ PDF တပ်ဖွဲ့၏ တိုက်ခိုက်ခြင်း ခံရပြီး အကြမ်းဖက် စစ်တပ်၏ စစ်ဆေး ဆရာဝန် ၂ ဦး ပျောက်ဆုံးနေကာ သေစာရင်းသွင်းထား​ပြီး အရာရှိ ၃ ဦး အပါအဝင် တပ်သား ၆ ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

Source: Khit Thit Media

Translated: Tongsan Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *