ထိုင်းအစိုးရသည် မြန်မာစစ်ကော်မရှင်၏ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့် နောက်တက်မည့်အစိုးရကို အပြည့်အဝလက်ခံခြင်းမရှိသော်လည်း၊ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံသွားမည့် ‘ချိန်ညှိဆက်ဆံရေးမူဝါဒသစ် (Calibrated Engagement) ကို အဆိုပြုလိုက်သည်။ တချိန်တည်းမှာပင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက မြန်မာစစ်တပ်၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း ယမန်နေ့က တရားဝင်ကြေညာလိုက်သည့်အတွက် ဒေသတွင်းမူဝါဒ သဘောထားကွဲလွဲမှုများ ရှိလာနေသည်။
ထိုင်းနိုင်ငံ၏ မူဝါဒသစ်သည် စစ်အာဏာသိမ်းမှုကို တရားဝင်အသိအမှတ်ပြုခြင်း မဟုတ်သော်လည်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အလျောက် နယ်စပ်လုံခြုံရေး၊ လူသားချင်းစာနာမှုအကူအညီနှင့် ဒေသတွင်းမတည်ငြိမ်မှုများကို ထိန်းချုပ်ရန်အတွက် ဆက်သွယ်ရေးလမ်းကြောင်းများကို ကန့်သတ်ချက်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ မြန်မာနှင့် ထိစပ်နေသည့် ကီလိုမီတာ ၂,၄၀၀ ကျော် နယ်စပ်တလျှောက်ရှိ ဒုက္ခသည်အရေးနှင့် တရားမဝင်လှုပ်ရှားမှုများကို ကိုင်တွယ်ရန် လုံးဝမဆက်ဆံဘဲနေခြင်းထက် ဤနည်းလမ်းက ပိုမိုထိရောက်မည်ဟု ထိုင်းဘက်က ယူဆနေသည်။
သို့သော် ဤခြေလှမ်းအပေါ် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်မကင်းဖြစ်နေကြသည်။ ထိုင်း၏ ချိန်ညှိဆက်ဆံရေးသည် စစ်အာဏာရှင်စနစ်ကို ပုံမှန်ကဲ့သို့ ဖြစ်သွားစေနိုင်ပြီး (Normalization)၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနှင့် အကြမ်း ဖက်မှုရပ်တန့်ရေးအတွက် ပေးထားသည့် နိုင်ငံတကာဖိအားများကို လျော့ပါးသွားစေနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။
အာဆီယံအဖွဲ့ကြီးအနေဖြင့်မူ မြန်မာ့အရေး ဘုံသဘောတူညီချက်များအပေါ် ရပ်တည်လျက်ရှိပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးထက် အာဏာခိုင်မြဲရေးကိုသာ ဦးတည်သည်ဟု ရှုမြင်ထားသည်။ ထိုင်း၏ ဤ ‘လောင်းကစားဆန်သော မူဝါဒသစ်သည် အာဆီယံ၏ စုပေါင်းရပ်တည်ချက်အပေါ် မည်သို့သက်ရောက်မှုရှိလာမည်ကို ဒေသတွင်း စောင့်ကြည့်သူများက အထူးအလေးထား စောင့်ကြည့်နေကြသည်။
Hits: 0
