မန္တလေးတိုင်း၊ ငါ့သရောက် – ဝဲလောင်လမ်းပိုင်းမှ တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ခဲယမ်းနှင့်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် -PLA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မေလ ၃၁ ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာမှ ငါ့သရောက် – ဝဲလောင်လမ်းမကြီး အတိုင်း တောင်သာမြို့နယ် တံတားကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၁ ရက်နေ့တွင်လည်း တံတားကျေးရွာဘက်မှ အရှေ့ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးကာ စစ်သုံးပစ္စည်းအနည်းငယ်နှင့်ခဲယမ်းအနည်းတို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲ ၂ ရက်ပေါင်း ရန်သူ ၁၀ ဦးကျော် ကျဆုံးခဲ့တာပါ။ အရေအတွက် အတိအကျကိုတော့ အ တည် မပြုနိုင်သေးပါဘူးခင်ဗျ။ လက်ရှိမှာတော့ တိုက်ပွဲထပ်ဖြစ်တဲ့ အခြေအနေ မရှိပါဘူး။” ဟု ပြည် သူ့လွတ်မြောက်ရေးတပ်မတော် -PLA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ တိုက်ခိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ Popa Guerilla Force (PGF) ၊ 21 Bagan တပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Hits: 0
