ကိုးကန့်တပ်မတော် (MNDAA) အပါအဝင် ညီနောင်မဟာမိတ်တပ်များပူးပေါင်းဆင်နွှဲနေသည့် ‘၁၀၂၇ စစ်ဆင်ရေး’ကာလအတွင်း စစ်ကောင်စီတပ်စခန်း ၇၀ ကျော် သိမ်းပိုက်ထားနိုင်ပြီးဖြစ်ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောကြားသည်။ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ရက်ကစတင်ခဲ့ရာ အောက်တိုဘာ ၃၀ရက်ညပိုင်းအထိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်မှု အခြေအနေနှင့် မြို့ကိုစီးနင်းထိန်းချုပ်ထားနိုင်သည့် အခြေအနေများကို မေးမြန်းရာ MNDAAက ညီနောင်သုံးဖွဲ့ ပေါင်းသိမ်းပိုက်သည့် စခန်း စုစုပေါင်း ၇၀ ကျော်ရှိပြီဟု အသိပေးသည်။

“ညီနောင်မဟာမိတ် သုံးဖွဲ့စလုံး အဲဒီစစ်ဆင်ရေးတစ်ခုလုံးထဲမှာတော့ ၇၀ တော့ကျော်ပြီဗျ။ စစ်သုံ့ပန်းက တချို့နေရာတွေ တိုက်ပွဲဆက်ဖြစ်နေတော့ တချို့နေရာတွေ နယ်မြေရှင်းလင်းရေးတွေ ဖမ်းဆီးမှုတွေ မလုပ်ရသေးတဲ့အတွက် စုစုပေါင်း ဂဏန်းအတိအကျကိုတော့ မှတ်တမ်းမတင်ရသေးပါဘူး။ ဒါပေမဲ့ ၂၉ရက်နေ့ တစ်နေ့ထဲမှာ ၃၀ကျော် ဖမ်းဆီးရမိခဲ့တယ်”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သံချပ်ကာနှင့် တင့်ကားစုစုပေါင်း လေးစီးသိမ်းပိုက်ထားနိုင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အများအပြား သိမ်းဆည်းရရှိထားသည်ဟု ၎င်းက ဆိုသည်။ “မြို့ကို လုံး၀ထိန်းချုပ်နိုင်တာကတော့ အခုလောလောဆယ်ချင်းရွှေဟော်မြို့ပဲရှိပါသေးတယ်။ ဖောင်းဆိုင်လည်း မရှိသလောက်ရှင်းပြီးသွားပြီ။ သိန္နီကကျတော့ မြို့ထဲမှာ စစ်ကောင်စီတော့ ရှိပါသေးတယ်။ လုံး၀ထိန်းချုပ်တဲ့ အနေအထားတော့ မရောက်သေးပါဘူး”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့တိုက်ပွဲအတွင်း မုံးကိုး ဖောင်းဆိုင်ဒေသမှာရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းထုတ်လိုက်ပြီဖြစ်ကြောင်း အသိပေးသည်။ “ဖောင်းဆိုင်ထဲမှာတော့ စစ်ကောင်စီတပ်သားတွေမရှိတော့ပါဘူး”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ရေးသတင်းရင်းမြစ်၏ ပြောပြချက်အရ အောက်တိုဘာ ၃၀ရက်က စစ်ကောင်စီ၏ အထိုင်စန်း ၃ခုကို သိမ်းနိုင်ခဲ့ကြောင်း၊ ကွမ်းလုံမြို့နယ်ရှိ ကန်မိုင်းအထိုင်စခန်းနှင့် မုံးကိုး ဖောင်းဆိုင် ဗျူဟာကုန်းစခန်းကို MNDAAက သိမ်းပိုက်ခဲ့ပြီး နမ္မတူမြို့နယ် နမ့်ဟို ခမရ(၃၂၄)တပ် အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed