“၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ “တောင်သမန် စစ်ဆင်ရေး” ဆင်နွှဲနေတဲ့ ငါးရက်အတွင်း ဗိုလ်မှုးအဆင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် တစ်ယောက်နဲ့ ဗိုလ်ကြီးအဆင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ယောက် အပါအဝင် စစ်အုပ်စု လက်နက်ကိုင် ခုနှစ်ယောက် ဖမ်းမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) – MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။ တောင်သမန် စစ်ဆင်ရေးအဖြစ် စစ်အုပ်စုကို အရှိန်မြင့် တိုက်ခိုက်နေချိန် အောက်တိုဘာ(၂၆)ကနေ အောက်တိုဘာ(၃၀) ရက်အတွင်း စစ်အုပ်စု ခုနှစ်ယောက်နဲ့ လက်နက်ခဲယမ်း ပစ္စည်းတွေ ဖမ်းမိတာလို့ ဆိုပါတယ်။

“တောင်သမန် စစ်ဆင်ရေး” ကာလအတွင်း ကျွန်ုပ်တို့၏ တပ်ဖွဲ့ဝင်များသည် ရန်သူ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ လက်အောက်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။ ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး၊ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး၊ တစ်ပွင့်ဗိုလ် အဆင့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး၊ တပ်ကြပ်ကြီး အဆင့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး၊ ပြည်သူ့စစ် နှစ်ဦးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သည်” လို့ MDY-PDF က ဖော်ပြပါတယ်။

MDY-PDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MoD)ရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ တည်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး လက်ရှိမှာ ညီနောင် မဟာမိတ် သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ “တောင်သမန် စစ်ဆင်ရေး”ကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ “စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် ဦးလည်မသုန် ဆက်လက် တိုက်ပွဲဝင်သွားမည်” လို့လည်း MDY-PDF က ထုတ်ပြန်ပါတယ်။

MDY-PDF နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် – TNLA တို့ ပူးပေါင်းပြီး အောက်တိုဘာ (၂၉)ရက် မနက်ပိုင်းကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာ စစ်အုပ်စု စခန်းကို စီးနင်းတိုက်ခိုက် ချေမှုန်းခဲ့ရာ အလောင်း ရှစ်လောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ ထုတ်ပြန် ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed