စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ တင်ငုတ်ကြီးရွာ ပျူစောထီးစခန်းကို ဒေသခံ PDF များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုဝင် ၂၅ဦးသေဆုံးခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၁ ရက်) နံနက်၂ နာရီခန့်တွင် အမှတ်(၁)စစ်ဒေသ၊ကန့်ဘလူခရိုင်ကွပ်ကဲရေး၏ ဦးဆောင်မှု ဖြင့် ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့များနှင့် မြို့နယ်/ရပ်ကျေးပကဖများက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ကာဘိုင် ၈ လက်၊ G-3 ၁လက်၊ Shoot Gun ၅လက်၊ ကျည်နှင့် စစ်သုံးပစ္စည်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

”ဒရုန်းအဖွဲ့အရင်ဝင်ပြီး ဗုံးသီးကြဲတာ။ ပြီးတော့ လက်နက်ကြီးသမားက ဝင်ပစ်တယ်။ ဒီကောင်တွေက အိပ်နေတော့ သေနတ်ကောက်ချိန်မရှိဘူး။ အတုံး အရုံးဖြစ်နေချိန် သေနတ်သမားတွေ ထပ်ဝင်ပြီး ပစ်ခတ်ခဲ့တာ။ စခန်းကို သိမ်းပြီး မီးရှို့နိုင်ခဲ့ပါတယ်”ဟုတိုက်ပွဲဝင် ကန့်ဘလူ ပကဖ ရဲဘော်တစ်ဦးက ပြောသည်။

စစ်သားနှင့်ပျူစောထီးတို့ အိပ်မောကျနေချိန်တွင် အလစ်အငိုက် ဝင်တိုက်ကာ စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ တင်ငုတ်ကြီး ပျုစောထီးစခန်းသည် ထန်းကုန်း-ကာဘိုးကားလမ်းမ ဘေးတွင် တည်ရှိပြီး ယင်းစခန်းရှိ စစ်သားနှင့်ပျူစောထီးတို့သည် ခရီးသွားသွားပြည်သူများထံက နေ့စဉ် ဆက်ကြေးကောက်နေကြောင်း ကန့်ဘလူဒေသခံတစ်ဦးက ပြောသည်။

“ကားလမ်းပေါ် ဂိတ်ဖွင့်ပြီး ဆက်ကြေးအမြဲကောက်နေတဲ့ကောင်တွေအကုန်သေတယ်။ဝမ်းသာလိုက်တာ ” ဟု ၎င်းက ပြောသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ကန့်ဘလူမြို့ ၆၀၀၆ တင့်ကားတပ်ရင်းမှ သံပြားကာစစ်ကား ၄ စီးဖြင့် လာသော စစ်ကူ တို့သည် ကိုးမြို့ရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမူ မသိရ သေးပေ။ စစ်သားနှင့် ပျူစောထီးတို့ သေဆုံးမှုကို MPA အနေနှင့် သီးခြား အတည်မပြုနိုင်ပေ။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed