ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇန်နဝါရီ ၁၂ရက်နေ့ ညနေပိုင်းကစပြီး ဇန်နဝါရီ ၁၃ ရက် နေ့လည်ပိုင်းအထိ CNA, CDF-CDM Siyin, CDF-KKG, CDF -Thantlang, CDF-Hakha, CDF-Zanniatram, PDA leh CDF-Hualngoram ပူးပေါင်းတပ်ဖွဲ့တို့ ကြား တိုက်ပွဲဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်းမှာ ဒေသကာကွယ်ရေးဘက်က အဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF CDM Siyin အဖွဲ့က ပြောပါတယ်။

“ လောလောဆယ်တော့ နှစ်ဦးကျတယ်၊ ခုနှစ်ဦး ဒဏ်ရာရထားတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါ။ စစ်ကောင်စီတပ်ဘက်က ငါးယောက်လောက်ပဲ ကျန်တော့တာ၊ အဲ့တာကြောင့် လေယာဉ်ရော၊ လက်နက်ကြီးနဲ့ပါ ပစ်ကူနေတာ။ ဒီတစ်ခါတော့ ကျွန်တော်တို့ နောက်မဆုတ်တော့ဘူး။ စခန်းကို ရအောင်တိုက်မှာ ” လို့ CDF CDM Siyin အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက Tongsan Media ကို ပြောပါတယ်။

“မနေ့ညကတည်းက ဝင်တိုက်တာ အခုထိဖြစ်နေတယ်။ စခန်း အပြီးမသိမ်းနိုင်သေးဘူး။ ကျနော်တို့ စခန်းတစ်ဝက်လောက်အထိဝင်သွားတယ်” ဟု ဆလိုင်းထက်နီက ပြောပြပါသည်။ ဒီကနေ့ မနက် ၈နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က သိုင်းငင်းကျေးရွာကို လေကြောင်းကနေ နှစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းမှာလည်း ဆွလိမ်ကျေးရွာကို လေယာဉ်နဲ့ ဗုံးလာကြဲ ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရှစ်မိုင် တက္ကသိုလ်ဝန်းထဲကနေ လက်နက် ကြီးတွေနဲ့ သိုင်းငင်းရွာကို အဆက်မပြတ် ပစ်ခတ်နေပြီး လက်နက်ကြီး အကြိမ် သုံးဆယ်ထက် မနည်း ပစ်ခတ်သံကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီဇင်ဘာလကစပြီး တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာက ဒေသခံတွေအားလုံးဟာ အိုးအိမ်တွေကို စွန့်ခွာပြီး အနီးက ဟိန်ဇိန်ကျေးရွာနဲ့ ကလေးမြို့မှာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed