August 18, 2023 || Tongsan Media Group ||

ချင်းပြည်နယ် ထန်တလန်မြို့တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက Tilim Operation 2 စစ်ဆင်ရေး ရက်ပေါင်း ၃၇ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ အများပြားဒဏ်ရာရှိခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်မှ ၄ ဦး ကျဆုံးခဲ့သည်ဟု CDF-Thantlang က ထုန်ပြန် သည်။

ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်နေရာယူ စခန်းချထားသည့် နေရာများကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Chin National Army၊ Chinland Defense Force-Thantlang၊ နှင့် Chinland Defense Force-Zophei တို့က လွန်ခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကစ၍ Tilim Operation 02 အမည်ပေး စစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ယင်း Tilim Operation 02 စစ်ဆင်ရေးဖော်‌ဆောင်နေချိန် ဇူလိုင်လ ၁၂ ရက်နေ့တွင် ထန်တလန်မြို့ ခလရ-၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦးမှာ လက်နက်အပြည်အစုံဖြင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံ ပူးပေါင်းအလင်းဝင်ခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က Tilim Operation 02 စစ်ဆင်ရေးအနေဖြင့် သြဂုတ်လ ၁၄ ရက်နေ့ မနက် ၅ နာရီအချိန်ကစတင်ကာ ထန်တလန်မြို့ပေါ်အခြေစိုက် အင်အား ၁၆၀ ခန့်ရှိ စစ်ကောင်စီတပ်ရင်း ခလရ-၂၆၉ အပါဝင်၊ ထန်တလန်မြို့နှင့် ဟားခါးမြို့ကြားရှိ Auto တောင်ကြော၊ TBC, TABC စသည့်နေရာများတွင် တိုက်ပွဲများဖော်ဆောင်ခဲ့ကြသည်။

၃၇ ရက်ကြာ ယင်း Tilim Operation 02 စစ်ဆင်ရေးတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး စစ်ကောင်စီတပ်သား ၂ ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း CDF-Thantlang က ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်စခန်းခွဲ Haukabung စခန်းကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင်၊ သေနတ် ၃ လက်၊ RPG ၂ ခု၊ ကျက်ဆံ နှင့် ဗုံးများကိုလည်း သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း ဆိုသည်။

ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ CDF-Thangtlang တပ်သား ၁ ဦး နှင့် CDF-Zophei တပ်သား ၃ ဦး တို့မှာ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။ ယင်း Tilim Operation 02 စစ်ဆင်ရေးကာလ အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက် ခိုက်မှုကြောင့် ထန်တလန်မြို့နယ် ခွါဖို ကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်း အဆောက်အဦးအပါဝင် လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်နေသည့်အပြင် စစ်ကောင်စီတပ်သား အင်အားထပ်မံတိုးမြင့်ကာ စစ်ဆင်ရေးဖော်ဆောင်လာနိုင်သည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင့် ပြည်သူများအနေဖြင့် အသွားလာနေထိုင် ဆင်ခြင်သတိပြုကြရန် CDF-Thantlang က အသိပေးထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed