August 18, 2023 | Tongsan Media Group |

ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်မှ စတင်ကာ ယနေ့ နံနက် ၂ နာရီဝန်းကျင်အထိ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ပြီ: မြို့မရပ်ကွက်ရှိ ပြည်သူနေအိမ်အချို့ ကျည်ထိမှန်ကာ ပျက်စီးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ မနေ့ညက လက်နက်ကြီး လက်နက်ငယ်တွေ ဆက်တိုက် ပစ်ခတ်သံကြားရတယ်၊ ကျွန်တော်သိရ သလောက်ကတော့ နေအိမ် ၄,၅ အိမ်ထိမှန်တယ်။ အခုထိတော့ လူတွေ ထိခိုက်တာမကြားရဘူး။ အိမ်တွေကတော့ သွပ်တွေ၊ ပြတင်းပေါက်မှန်တွေရော ပြီးတော့ ရေသိုလှောင်တဲ့တိုင်ကီတွေရော အိုးခွက်တွေတောင် သေနတ်မှန်တာရှိတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

မြို့မရပ်ကွက်ရှိ CMBC ဘုရားကျောင်းဝန်းထဲတွင်လည်း မပေါက်ကွဲသေးသော လက်နက်ကြီးကျည် တစ်လုံးကျရောက်ခဲ့ကြောင်းလည်း သိရသည်။ ထိုသို့ တီးတိန်မြို့ပေါ်တွင် ညကြီးသန်ခေါင် လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်သံ ဆက်တိုက် ကြားနေရသည့် အကြောင်းရင်းကိုတော့ မသိရသေးကြောင်း ဒေသခံ‌များ ပြောဆိုနေကြသည်။ ဩဂုတ်လ ၁၆ ရက်နေ့တွင် တီးတိန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်ထွေအုပ်ပိုင် Double Cap ကားတစ်စီးအားရပ်ထားစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုမှ မောင်း ထွက်သွားခဲ့ကြောင်း သိရသည်။

“ တီးတိန်မြို့ ဆောက်လုပ်ရေးရိပ်သာမှာ ကားတွေထားထားတာပေါ့ အဲမှာ အစောင့်တွေလည်းရှိတယ်၊ အဲနေ့ကဘုန်းကြီးကျောင်းသွားကြတာပေါ့နော်။ အဲချိန် ကားကို အေးဆေး‌မာင်းသွားကြတာ၊ အဲဒီက လူတွေကလည်း နောက်ကနေ လိုက်လဲမလိုက်သွားရဲကြဘူးပေါ့” ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့များသည် ညတွင် သေနတ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။ အလားတူ လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း တီးတိန်မြို့ ဆေးရုံပိုင် ဆေးရုံအုပ်ကားတစ်စီးကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ခုက သိမ်းယူခဲ့သည်ဟုသိရသည်။

Source: People’s Spring

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed