ကိုဗစ်ကာလကတည်းက ပိတ်ထားတဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို စစ်ကောင်စီက ဒီနေ့( အောက်တိုဘာ ၂၄) ကစတင်ပြီး အကျဉ်းထောင်အချို့မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။ ထောင်ဝင်စာ ဧည့်တွေ့ခွင့် စတင်တဲ့ ထောင်တွေမှာ မန္တလေး အိုးဘိုထောင် ၊မြင်းခြံထောင် ၊ သာယာဝတီထောင် ၊ ညောင်ရွှေထောင် ၊ မြိတ်ထောင် ၊ ပုသိမ်ထောင်တို့ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစု အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

နိုင်ငံရေးအကျဉ်းသားအများအပြားဖမ်းဆီးထားတဲ့ အင်းစိန်အကျဉ်းထောင်ကိုတော့ စစ်ကောင်စီက ထောင်ဝင်စာ ဧည့်တွေ့ခွင့် မဖွင့်ပေးသေးပါဘူး။ အင်းစိန်ထောင် ကို လာမယ့် နိုဝင်ဘာလ ပထမပတ်အတွင်း ထောင်ဝင်စာ ပြန်ဖွင့်ပေးဖွယ်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးကူညီပေးနေသူ ရှေ့နေတစ်ဦးက ပြောပြပါတယ်။

ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပြန်ဖွင့်ပေးတဲ့ ထောင်တွေမှာ တစ်နေ့ကို လူဦးရေ ၁၂၀ ထိ တွေ့ ခွင့်ပြုဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။ အကျဉ်းချခံရသူ နဲ့ မိသားစုဝင် ၂ ဦးတို့ မိနစ် ၂၀ တွေ့ခွင့်ရမယ်လို့လည်း သိရပါတယ်။ အကျဉ်းထောင်ဥပဒေအရ အကျဉ်းသားတွေဟာ တစ်ပတ်ကို တစ်ကြိမ် မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့် ရှိပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာတော့ ကိုဗစ် ကူးစက်မှု ထိန်းချုပ်ဖို့အတွက် NLD အစိုးရက ထောင်ဝင်စာ ပိတ်ခဲ့တာပါ။

အဲဒီနောက် အာဏာသိမ်းစစ်ကောင်စီကလည်း ထောင်ဝင်စာတွေ့ခွင့်ကို ဆက်ပိတ်ထားခဲ့ပြီး ၃ နှစ်ကျော်ကြာမှ ပြန်ဖွင့်ပေးတာဖြစ်ပါတယ်။ ဒီလို ဖွင့်ပေးရာမှာလည်း ကန့်သတ်ချက် အများအပြားထုတ်ထားတာတွေ့ရပါတယ်။ ထောင်ဝင်စာ လာတွေ့မယ့် မိသားစုဟာ တစ်ပတ်အတွင်းလုပ်ထားတဲ့ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့အထောက်အထားတွေပြရမှာပါ။

အဲဒီအချက်အလက်တွေ ပါမှ ထောင်ဝင်စာ တွေ့ခွင့်ပြုတာလို့ သာယာဝတီအကျဉ်းထောင်မှာ မတရားဖမ်းခံထားရတဲ့ နိုင်ကျဉ်းသမီးဖြစ်သူနဲ့ ဒီနေ့မှာ သွားရောက်တွေ့ဆုံဖို့ ကြိုးပမ်းခဲ့သူ မိခင်တစ်ဦးက ပြောပြပါတယ်။ ” မနက်အစောကြီးကတည်းက စောင့်နေကြတာ ၊ သူတို့တောင်းတဲ့စာရွက်မပါလို့ ပြန်ရသူတွေ ရှိတာပေါ့” လို့ နိုင်ကျဉ်း မိခင်က ဆိုပါတယ်။

ဒါအပြင် သေဒဏ်ချခံထားရသူတွေ ၊ တသက်တကျွန်း ချခံရသူ တွေကိုလည်း ထောင်ဝင်စာ တွေ့ခွင့်မပြုသေးဘူးလို့သိရပါတယ်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့စာရင်းအရ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားနှစ်သောင်းနီးပါး ရှိနေပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed