September 26, 2023 || Tongsan Media Group ||

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရက မြန်မာနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက် ကီလိုမီတာ ၇၀ ကို ခြံစည်းရိုးခတ်ရန် စီစဉ်နေသည်ဟု သိရသည်။ မဏိပူရ်ပြည်နယ်၀န်ကြီးချုပ် N Biren Singh သည် အိန္ဒိယ-မြန်မာနယ်စပ်ကီလိုမီတာ ၇၀ ခြံစည်းရိုးခတ်ရန် အစီအစဉ်ကို နယ်စပ်လမ်းများအဖွဲ့ Border Roads Organization (BRO)၊ ပြည်နယ်၏ အခြားအကြီးတန်းအရာရှိများနှင့် စက်တင် ဘာလ ၂၄ ရက် တနင်္ဂနွေနေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်ဟု The Hindustan Times သတင်းဌာနက ဖော်ပြသည်။

ယင်းတွေ့ဆုံမှုသည် နယ်စပ်တစ်ဖက်စီတွင်နေထိုင်ကြသော ပြည်သူများအား တစ်ဖက်နိုင်ငံအတွင်း ၁၆ ကီလိုမီတာအထိ သွားလာခွင့်ပြုသည့် (Free Movement Regime) လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို ‘အမြဲတမ်းပိတ်ထားရန်’ ဗဟို အစိုးရကိုတိုက်တွန်းပြီး နောက် တစ်ရက်တွင် အဆိုပါ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်းသည် နယ်စပ်ဖြတ်ကျော် တရားမဝင် ၀င်ရောက်လာမှုနှင့် မူးယစ် ဆေးဝါး မှောင်ခိုကူးမှုအား တားဆီးထိန်းချုပ်နိုင်ရန်ဖြစ်သည်ဟု မဏိပူရ်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

“BRO က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အင်ဒို-မြန်မာ နယ်စပ်တလျှောက် နောက်ထပ် ကီလိုမီတာ ၇၀ ခြံစည်းရိုး ကာရံဖို့ အစီအစဉ်ကို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်၊ DGP နဲ့ ပြည်ထဲရေးဌာနက တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါ တယ်။ တစ်ဖက်နိုင်ငံမှ တရားမဝင် မှောင်ခိုကူးသန်းမှုများနှင့် မူးယစ်ဆေးဝါး မှောင်ခိုဝင်ရောက်မှု တိုးလာခြင်းကြောင့် ကျွန်ုပ်တို့၏ နယ်နိမိတ်များကို ကာကွယ်ခြင်းသည် အရေးတကြီး မရှိမဖြစ် လိုအပ်လာပါသည်” ဟု မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh ကပြောဆိုကြောင်း သတင်းစာကဆိုသည်။

မဏိပူရ်ပြည်နယ်တွင် ယခုနှစ်မေလ ၃ ရက်နေ့ကစ၍ လူများစုကသည်းလူမျိုးနှင့် လူနည်းစု ကူကီး(ချင်း) အနွယ်တောင် တန်းသားများကြား လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားနေဆဲဖြစ်သည်။ ယင်းအဓိကရုဏ်းသည် မဏိပူရ်ပြည်နယ်သို့ မြန်မာ နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာကြသူများကြောင့်ဟု အိန္ဒိယ ပြည်ထဲရေး၀န်ကြီးနှင့် မဏိပူရ်ပြည် နယ်၀န်ကြီး ချုပ်တို့က စွပ်စွဲပြောဆိုခဲ့ကြသည်။

ယင်းကိစ္စကြောင့် မြန်မာနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးများခတ်ကာ မြန်မာဘက်က တရားမ၀င် ၀င်ရောက်မှုကို တားဆီးထိန်းချုပ်ရန် မဏိပူရ်အစိုးရကစီစဉ်လာခြင်းဖြစ်သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံသည် ကီလိုမီတာ ၁၆၀၀ ခန့် နယ်နိမိတ်ချင်းထိစပ်နေပြီး မဏိပူရ်ပြည်နယ်နှင့် ကီလိုမီတာ လေးရာခန့် ထိစပ်နေသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed