September 24, 2023 || Tongsan Media Group ||

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တို့၌ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်များရရှိခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။ တိုက်ပွဲများ ပြင်းထန်နေသည့် မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် စက်တင်ဘာ ၂၂ရက်က တိုက်ပွဲ ၃ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်လာသည်ဟု ဆိုသည်။

မူဆယ်မြို့နယ် ဆိုင်ခေါင်ရွာအနီး၊ ဟိုပေါ်ကျေးရွာအနီးနှင့် ကွတ်ခိုင်မြို့နယ် ကောင်မှုရာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLAက ထုတ်ပြန်သည်။ တိုက်ပွဲ သုံးနေရာအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး ၎င်းတို့ထံမှ သေနတ်(၃)လက်၊ လက်ထောက်(၂)လက်၊ (၆၀) မမ ခြောက်လုံး၊ ဗုံးသီးအပြင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

ဆိုင်ခေါင်ရွာအနီးနှင့် ဟိုပေါ်ကျေးရွာအနီးသို့ နေရာခြေကုတ်ရယူနိုင်ရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်ပူးပေါင်းတပ်ကို TNLAက တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင် ကောင်မူရာအနီး တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ကို TNLAက တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ ထို့ပြင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာသို့ ဒရုန်းဖြင့် နှစ်ကြိမ် အသုံးပြုလာကြောင်း TNLAက ထုတ်ပြန်သည်။ “ထူးခြားတာက ဒီတစ်ရက်နှစ်ရက်မှာ ဒရုန်းပါ အသုံးပြုတိုက်ခိုက်လာတာ တွေ့ရတယ်”ဟု TNLA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

စစ်ကောင်စီတပ်က ယမန်နေ့တိုက်ပွဲတွင် လားရှိုးမှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၂ကြိမ်တိုက်ခိုက်လာကြောင်း၊ စစ်ကောင်စီ၏ လွယ်ကျယ်လောက်တပ်စခန်းနှင့် နမ့်ဖက်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နာထန်ရွာ၊ မန်ကန်ရွာ၊ ခိုမုန်းရွာနှင့် ဟိုပေါ်ကျေးရွာအနီးသို့ လက်နက်ကြီးဖြင့် အကြိမ်(၅၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၂၃ရက်မှ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်လျက်ရှိရာ နှစ်လတာအတွင်း တိုက်ပွဲပေါင်း ၅၅ကြိမ်ထက်မနည်းရှိခဲ့သည်။

Ref: People’s Spring

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed