August 10, 2023 || Tongsan Media Group ||

မီဇိုးရမ်ပြည်နယ်တွင် စစ်ရှောင်နေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် လွတ်လပ်စွာ နေထိုင်သွားလာနိုင်ရန်အတွက် မှတ်ပုံတင်ပြုလုပ်ပေးမည်ဟု အကြောင်းပြပြီး အိန္ဒိယအစိုးရက ဇီဝမှတ်တမ်းအချက်အလက်များကောက်ယူနေကြောင်း မြန်မာစစ်ဘေး ရှောင်ပြည်သူများထံမှ သိရသည်။ အဆိုပါဇီဝမှတ်တမ်းအချက်အလက်များကို ပြီးခဲ့သည့် ဇူလိုင်လမှ စတင်၍ အိန္ဒိယအစိုးရက ကောက်ယူခြင်းဖြစ်ပြီး လာမည့်စက်တင်ဘာလအထိ မှတ်တမ်းကောက်ယူသွားမည်ဟု သိရသည်။

“ကွန်ပျူတာနဲ့ မျက်လုံးစကင်န်ယူတယ်။ လက်ဗွေကအစ အချက်အလက်သေးစိတ်ကောက်ယူသွားတယ်။ စစ်ဘေး‌ရှောင်စခန်းမှာရှိတဲ့ ကလေးသူငယ်တွေကအစ မှတ်တမ်းအချက်အလက်ကောက်ယူတယ်။ ကျွန်တော်တို့ဘက်က ငြင်းဆန်ဖို့ အခွင့်အရေးမရှိဘူး။ ဇီဝမှတ်တမ်းကောက်ယူမှုနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ ပြောတာကတော့ ဇီဝအချက်အလက်ကောက်ယူပြီးတာနဲ့ မှတ်ပုံတင်ထုတ်ပေးမယ်။ ပြီးတော့ အိန္ဒိယနိုင်ငံမှာ လွတ်လပ်စွာ နေထိုင်သွာခွင့်ရမယ်။ ကြာလာရင် ယူအဲန်ကဒ်ပုံစံလည်းဖြစ်လာနိုင်တယ်လို့ ပြောတယ်” ဟု လောင်တလိုင်ခရိုင်၊ စစ်ဘေးရှောင်တာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင်မဏိပူရ်ပြည်နယ်မှ မီဇိုးရမ်ပြည်နယ်ထဲသို့ ဝင်ရောက်ခိုလှုံသူများ၏ လူဦးရေသိရှိနိုင်ရန်နှင့် မှတ်ပုံတင်အတုကိုင်ဆောင်သော မြန်မာစစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးအရေးယူနိုင်ရန်အတွက် ဇီဝအချက်အလက်ကောက်ယူခြင်းဖြစ်သည်ဟု စည်းရုံးပြောဆိုကြောင်းသိရသည်။ မီဇိုးရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအများစုတွင် ဇီဝအချက်အလက်များကို ကောက်ယူနေပြီဟု သိရပြီး အချို့စစ်ဘေးရှောင်စခန်းများတွင် ဇီဝအချက်အလက်ကောက်ယူရန် ငြင်းဆန်ထားသည့်အတွက် ကောက်ယူခြင်း မရှိကြောင်းစစ်ဘေးရှောင် တာဝန်ခံများထံမှ သိရသည်။

“လူဦးရေများတဲ့ စစ်ဘေးရှောင်စခန်းတွေမှာတော့ အကုန်ကောက်ယူထားပြီးပြီ။ စမွီးစစ်ဘေးရှောင် စခန်းကတော့ လက်မခံတော့ ကောက်ယူခြင်းမရှိဘူး။ လုံးလေစစ်ဘေးရှောင်စခန်းလည်း အခုချိန်ထိ မကောက်သေးဘူး။ ပြီးတော့ မြို့ပေါ်မှာ နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေလည်း ဇီဝအချက်အလက်ကောက်ယူခြင်းမရှိသေးဘူး”လို့ မြန်မာစစ်‌ဘေးရှောင်တာဝန်ခံအမျိုးသားက ပြောသည်။ ဇီဝအချက်အလက်များတွင် လက်ဗွေများ၊ မျက်နှာပုံများ၊ မျက်လုံးစကင်န်များ၊ DNA ပရိုဖိုင်၊ အသံများနှင့် အခြားအရာများပါဝင်ကြောင်းသိရသည်။မြန်မာစစ်ဘေးရှောင်ပြည်သူများထံ ဇီဝအချက်အလက်ကောက်ယူမှုနှင့်ပတ်သက်၍ India For Myanmar အဖွဲ့က အပြင်းအထန်ကန့်ကွက်ရှုချကြောင်းနှင့် ချက်ချင်းရပ်တန့်ရန် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့က ထုတ်ပြန် ထားသည်။

ဒုက္ခသည်မြန်မာပြည်သူများအား အတင်းအဓမ္မ ဇီဝမှတ်တမ်းကောက်ယူခြင်းသည် ပုဂ္ဂလိက လွတ်လပ်ခွင့်အား ချိုးဖောက်ခြင်းဖြစ်ပြီး လူတစ်ဦးချင်းစီ၏ မတူညီသော တမူထူးခြားသည့် ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) အပြုအမူဆိုင်ရာ လက္ခဏာများကို နည်းပညာအသုံးပြုသိမ်းဆည်း၍ လူတစ်ဦးချင်းစီအား ခွဲခြားမှတ်တမ်း တင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။ အလားတူ မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီက တိုင်း၊ ပြည်နယ်တချို့တွင် ဇီဝအချက်အလက် ကောက်ယူမှုများ ပြုလုပ်နေကြောင်း သိရပြီး လူ့အခွင့်အရေးလှုပ်ရှားသူများအကြားတွင် ဝေဖန်မှု မြင့်တက်လာကြောင်းသိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed