August 11, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း စက္ကန့်ကျေးရွာထဲသို့ စစ်ကောင်စီက သြဂုတ် ၁၁ ရက်နေ့ နံနက်ခင်းမှစ၍ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် စက္ကန့်ကျေးရွာတွင်ရှိသော လွတ်လပ်သော ပရက်စ်ဘတ်သလီးအမ်း ဘုရားကျောင်း (Independent Presbyterian Church – Sekan) ပေါ်သို့ လက်နက်ကြီးကျခဲ့ပြီး ဘုရားကျောင်းမျက်နှာကျက်နှင့် အတွင်းပိုင်းမှန်တံခါးများ ပျက်စီးသွားကြောင်း ဒေသသတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီတပ်များသည် ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့မှစ၍ ကလေးတောင်ပိုင်း အင်ဒိုင်းကုန်းရွာထဲသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် ဝင်ရောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးသဖြင့် အင်ဒိုင်းကုန်းကျေးရွာရှိ နေအိမ်များကိုလည်း မီးရှို့နေကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ သြဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး အင်ဒိုင်းကုန်း ရွာသားအများအပြား ထွက်မပြေးနိုင်ဘဲ ရွာထဲတွင် ပိတ်မိနေကြောင်း သိရသည်။

” ကလေးတောင်ပိုင်းကို စကစတပ်တွေ ရုတ်တရက်ဝင်ပြီး စစ်ကြောင်းထိုးတယ်။ မနေ့ညနေက နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ သူတို့ စစ်ကောင်စီဘက်က အထိနာပုံရတယ်။ မနေ့ည ကတည်းက အင်အားထပ်ဖြည့်ထား ပြီး ဒီမနက်မှာပဲ စက္ကန့်ရွာထဲကို လက်နက်ကြီးနဲ့ ဆက်တိုက်ထုတာ ဘုရားကျောင်းတစ်ခုလည်း ပျက်စီးသွားတယ်” ဟု စက္ကန့်ကျေးရွာသားတစ်ဦးက ပြောသည်။ ကလေးမြို့တောင်ပိုင်းအစွန် မြို့လှရွာရှိဒေသခံ အများအပြားလည်း သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ကလေးမြို့ထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး ထွက်မပြေးနိုင်ဘဲ ပိတ်မိနေသူများရှိနေသေးကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကလေးမြို့တောင်ပိုင်းတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးတပ်များ ကြား စစ်ရေးတင်းမာလျက်ရှိပြီး အင်ဒိုင်းကုန်းရွာတွင် စခန်းချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက အင်ဒိုင်းကုန်းရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed