အိန္ဒိယဗဟိုအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးက မီဇိုရမ်ပြည်နယ်ထဲက မြန်မာဒုက္ခသည်တွေကို နိုင်ငံပြန်ပြီး ပုံမှန်မဖြစ်မချင်း နေရပ်ပြန်မပို့ဖို့ ညွှန်ကြားထားပြီး ၎င်းတို့အကူအညီနဲ့ ဒုက္ခသည်တွေကို ဆက်လက် ပံ့ပိုးသွားမဲ့အကြောင်း ပြည်နယ်ဝန်ကြီးချုပ်အသစ်က ဒေလီကပြန်လာပြီးနောက် ဇန်နဝါရီလ ၆ရက်မှာ ပြောကြားခဲ့တယ်လို့ The Indian Express ကဖော်ပြခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်အသစ် လယ်ဒူဟိုးမားက “ဗဟိုအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေကို ဒုက္ခသည် အဆင့်အတန်းနဲ့ လိုက်လျောညီထွေ လုပ်မပေးနိုင်ပေမယ့်၊ ကျွန်တော်တို့နဲ့ပူးပေါင်းပြီး သူတို့အတွက် ကူညီကယ်ဆယ်ရေးတွေကို ဆောင်ရွက်သွားဖို့ အသင့်ရှိနေပါတယ်” လို့ ဒေလီကပြန်လာပြီးတဲ့နောက် စနေနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒေလီမှာ ကြာသပတေးနေ့ ဝန်ကြီး အမစ်ရှာနဲ့ တွေ့ဆုံစဉ် ရှာက ယခင် ပြည်နယ်အစိုးရ လက်ထက်မှာ ငြင်းဆိုထားတဲ့ နိုင်ငံခြားသားတွေရဲ့အချက်အလက် စုဆောင်းဖို့ကိစ္စနဲ့ပတ်သက်ပြီး လယ်ဒူဟိုးမားနဲ့ ဆွေးနွေးခဲ့တယ်လို့ ရှာရဲ့ထုတ်ပြန်ချက်ထဲ ဆိုပါတယ်။ “အဲဒီမှာ ပုံမှန်ပြန်မဖြစ်မချင်း ဗဟိုအစိုးရအနေနဲ့ နိုင်ငံထဲ ခိုလှုံခွင့်တောင်းနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့မှာမဟုတ်ဘူးဆိုတာ မီဇိုရမ်ပြည်သူတွေကို သိစေချင်ပါတယ်” လို့ ရှာက ၎င်းကြေညာချက်အပေါ် ကိုးကားပြောဆိုထားပါတယ်။

အာဏာပိုင်တွေရဲ့အဆိုအရ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သား ချင်းအနွယ်ဝင် ၃၁,၀၀၀ ကျော်ဟာ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံခွင့်တောင်းခံခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် မဏိပူက နေရပ်စွန့်ခွာပြည်သူ ၉,၀၀၀ ကျော်ဟာလည်း မီဇိုရမ်မှာ ခိုလှုံလျက်ရှိနေတာပါ။

ချင်းအနွယ်ဝင်လူမျိုးစုတွေနဲ့ ကူကီးဇိုလူမျိုးတွေဟာ ဒေသခံ မီဇိုတိုင်းရင်းသားတွေနဲ့ မျိုးနွယ်စုအရ ဆက်နွယ်မှုတွေ ရှိနေပါတယ်။ “မဏိပူရက လူမျိုးရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်သူတွေကို ဗဟိုအစိုးရရဲ့ အထောက်အပံ့နဲ့ ကူညီပေးသွားမယ်” လို့လည်း သတင်းစာရှင်းလင်းပွဲမှာ လယ်ဒူဟိုးမားက ပြောပါသေးတယ်။

ပြည်ထဲရေးဝန်ကြီးနှင့် လယ်ဒူဟိုးမားတို့ဟာ လက်ရှိသမ္မတဆီကနေ အတည်ပြုချက် စောင့်ဆိုင်းနေရတဲ့ မီဇိုရမ်ပြည်နယ် အိမ်ထောင်စုစာရင်း ပြုစုထိန်းသိမ်းရေး ဥပဒေမူကြမ်းကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် မတ်လမှာ အတည်ပြု ပြဌာန်းခဲ့တဲ့ အဲဒီဥပဒေကြမ်းဟာ အိမ်နီးချင်းနိုင်ငံတွေကနေ တရားမဝင် ပြောင်းရွှေ့နေထိုင်မှုကို တားဆီးဖို့ ရည်ရွယ်ပြီး နိုင်ငံခြားသားတွေကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

မကြာသေးခင်က အိန္ဒိယမြန်မာနယ်စပ် ကီလိုမီတာ ၃၀၀ခန့်ကို စမတ်ခြံစည်းရိုးကာရံဖို့ အစီအစဉ်နဲ့ မြန်မာနဲ့အိန္ဒိယနှစ်နိုင်ငံ သဘောတူညီထားတဲ့ နှစ်နိုင်ငံနယ်စပ်နားနေထိုင်သူတွေ ဗီဇာမလိုဘဲ တစ်ဖက်နယ်စပ် ၁၆ကီလိုမီတာထိ လည်ပတ်သွားလာနိုင်တဲ့ လွတ်လပ်စွာဝင်ထွက်သွားလာခွင့် (FMR) ကို ဖျက်သိမ်းဖို့ကိစ္စတွေကို ဗဟိုအစိုးရက ထုတ်ပြန်ပြောဆိုခဲ့တာပါ။
Ref; The Indian Express

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed