ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်သည့် တစ်ရက်တာအတွင်း စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းနှင့် ရဲစခန်း စုစုပေါင်း (၄၀) နီးပါးကို စွန့်လွှတ်ထားရကြောင်း ရက္ခိုင့်တပ်တော် AA ထံက သိရသည်။ “ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက်စခန်းတွေကို သိမ်းပိုက်ရထားတာတွေရှိတယ်။ နောက် ထပ်လည်း ဒီနေ့ မနက် ၇ နာရီလောက်မှာ ချိန်ခါလီ နယ်ခြားစောင့်စခန်းကို အပြီးသိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒုံးပိုက်စခန်းကတော့ မနေ့ကတည်းက သိမ်းပိုက်ရရှိခဲ့ပြီးသား ဖြစ်ပါတယ်” ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

နိုဝင်ဘာလ (၁၃) ရက် တစ်ရက်အတွင်းမှာပင် စစ်ကောင်စီအနေဖြင့် ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ရဲစခန်း စုစုပေါင်း (၄၀) နီးပါးကို စွန့်လွှတ်ထားရပြီး နီးစပ်ရာ စစ်ကောင်စီတပ်စခန်းများတွင်လည်း ရဲစခန်း ၃ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသွားရောက်ပူးပေါင်းသွားကြကြောင်း ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ALP ပါတီ၏ အတွင်း ရေးမှူး ဗိုလ်မှူးခိုင်သူရိန်က “အခုဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ ပြောစရာမရှိပါဘူး။ အကုန်လုံးက ဖြစ်ချိန်တန်လို့ ဖြစ်လာတာပေါ့။ တိုက်ပွဲတွေက မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဖြစ်လာတော့ လည်း အကောင်းဆုံးကို ရွေးချယ်ဆောင်ရွက်သွားရမယ်။ ကိုယ်လုပ်နိုင်တဲ့အထိ အကောင်းဆုံးလုပ်သွားရမှာ ပေါ့။ ကျွန်တော်တို့အနေနဲ့ကလည်း ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားတာတွေလည်း ရှိပါတယ်။ ဒါကိုတော့ အသေးစိတ်မပြောလိုပါဘူး”ဟု ပြောသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် မင်းပြားမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ ၂ ခုအတွင်း စစ်တွေအခြေစိုက် ခမရ (၃၄၄) တပ်ရင်းက ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး) ၊ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် (တပ်စုမှူး) တို့အပါအဝင် စုစု ပေါင်း (၁၀) ဦးနှင့် မောင်တောမြို့တိုက်ပွဲတွင် စစ်သား ၁ ဦးတို့ကို စစ်သုံပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိသလို ဒု-စစ်ကြောင်းမှူးအပါအဝင် စစ်သား (၂၄) ဦးထိကျဆုံးခဲ့ပြီး ရက္ခိုင့်တပ်တော်က အာရက္ခစစ်သည်တော် (၆) ဦး လည်း ကျဆုံးခဲ့ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed