October 13, 2023 || Tongsan Media Group ||

ပါလက်စတိုင်း ဟားမာ့စ်အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အရေးပေါ်အစိုးရတစ်ရပ်ကို အောက်တိုဘာ ၁၁ ရက်က ဖွဲ့စည်းလိုက်ပြီး ကာကွယ်ရေးဝန်ကြီးက ဟားမာ့စ် အဖွဲ့ကို ကမ္ဘာမြေပေါ်က ရှင်းလင်းဖယ်ရှားပစ်မယ်လို့ ကတိပြုခဲ့ပါတယ်။ နေတန်ယာဟုဟာ အရေးပေါ် အစိုးရ တစ်ရပ်ကို လက်ရှိကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂေါလန့်နဲ့အတူ အတိုက်အခံပါတီခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဘန်နီဂန့်ဇ်တို့နဲ့ ဖွဲ့စည်းခဲ့တာပါ။

ဂါဇာမှာ ဟားမာ့စ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ အရေးပေါ်အအစိုးရဟာ မသက်ဆိုင်တဲ့မူဝါဒ ဒါမှမဟုတ် ဥပဒေတွေကို လိုက်နာမှာမဟုတ်ဘူးလို့ နေတန်ယာဟုနဲ့ ဘန်နီဂန့်ဇ်တို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထား ပါတယ်။ တခြား အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ယာအာ လာပစ်ကတော့ အရေးပေါ်အစိုးရမှာ ပါဝင်ဖို့ မရှိသေးပါဘူး။

ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေ ထောင်နဲ့ချီပစ်ခတ်ခဲ့ပြီး သေနတ်သမားတွေ စေလွှတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် အစ္စရေးမှာ လူပေါင်း ၁၂၀၀ ထက်မနည်း သေဆုံးခဲ့ပြီး အစ္စရေးသမိုင်းမှာ အဆိုးရွားဆုံး ပါလက်စတိုင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့ပါ တယ်။

အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသကို အကြီးအကျယ် ဗုံးကြဲပြီး လက်တုံ့ပြန်ခဲ့လို့ လူပေါင်း ၁၀၅၅ ယောက် သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို နယ်မြေအတွင်း တပ်ဖြန့်ချထားခဲ့ပါတယ်။ အစ္စရေးက ဟားမာ့စ် တွေကို မြေပြင်ထိုးစစ်ဆင် ချေမှုန်းဖို့ ပြင်ဆင်နေရင်း အရေးပေါ်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed